ဂန့်ဂေါတွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အသက် ၃ နှစ်ကျော်အရွယ်ကလေးအပါအဝင် နှစ်ဦးသေဆုံး

By MPM 19 ဒီဇင်ဘာ, 2023 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်ကျော် အရွယ်ကလေးငယ်နဲ့ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါ ခ.လ.ရ ၅၀ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဟာ ရှုံးရှီကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် အထက်ပါ ၂ ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါသည်။

“ကလေးက တော်တော်ချစ်စရာကောင်းတယ်။ သုံးနှစ်ကျော်လေးပဲ ရှိသေးတယ်။ စျေးဝယ်သွားရင်းနဲ့ လက်နက်ကြီးထိမှန်ပြီး သေသွားတာ” လို့ အဆိုပါဒေသခံက ပြောသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ဂန့်ဂေါမြို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ထဲက နေ့စဉ်လိုလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုအမြောက်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ယောမြို့ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး သေဆုံးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃၀၀ ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွင် ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။