မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် (၁၂) PDF-Gangaw တပ်ရင်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်မှနုတ်ထွက်ပြီး ယောတပ်တော် (YA) တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက် ယောဒေသတွင် ဂန့်ဂေါခရိုင် အမှတ် (၁၂) PDF-Gangaw တပ်ရင်းအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့တွင် တပ်ရင်းကို ပြန်လည်အပ်နှံခဲ့ သည်ဟု ဆိုသည်။
ထိုသို့ တပ်ရင်အား ပြန်လည်အပ်နှံရာတွင် ကာကွယ်ရေးဝန်ကြီးဌာနဘက်က ခွင့်မပြုခဲ့သည့်အတွက် တပ်ရင်းမှူးမှအစ ရဲဘော်အားလုံး နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယောဒေသ အမြန်ဆုံးလွတ်မြောက်ရေး၊ ယောဒေသနဲ့ ယောပြည်သူလူထုတို့ရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ပိုမိုအားစိုက်ပြီး လုပ်ဆောင်လိုတာရယ် စတာတွေကြောင့် ယောတပ်တော် (YA) မှာ ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ပြီး MOD ကို နှုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု PDF-Gangaw မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အသေးလေးက ပြောသည်။
စစ်ကောင်စီကို တိုက်ခိုက်ရာတွင် စစ်ပုံ(စံ)ကျရန်လိုပြီး ယောဒေသတစ်ခုလုံးတွင် မြို့နယ်အလိုက် ပြန့်ကျဲနေသော တပ်ရင်းများ၏ ပုံစံနှင့်မဟုတ်ဘဲ ယောဒေသတွင် တစ်တပ်ထဲ တစ်မိန့်ထဲ တစ်သံထဲဆိုသော စည်လုံးညီညွတ်ပြီး တပ်ပုံ (စံ) ပိုကျသည့် တပ်ဖြစ်လိုကြောင်း ရဲဘော်အသေးလေးက ပြောသည်။
ထို့ပြင် ဖျောက်ဖျက်ခံထားရသော ယောဒေသ၏သမိုင်းကို ထုတ်ဖော်ပြနိုင်ရန်နှင့် ယောဒေသကို ကိုယ်စားပြုသော တပ်အနေဖြင့် တည်ရှိပြီး တိုက်ပွဲဝင်လိုသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ၎င်းတို့သတ်မှတ်လိုက်သောမူအရ တပ်ရင်းပြန်အပ်မှုကို လက်မခံခြင်း ဖြစ်ကြောင်းသိရပြီး NUG အစိုးရကို တော်လှန်ရေးအစိုးရအဖြစ် လေးစားအသိမှတ်ပြုပြီး မြေပြင်တွင်ရှိသော တော်လှန်ရေးအင်အားစုများ၊ ပအဖ၊ ပကဖ၊ ပလဖ များနှင့်လည်း အချိတ်အဆက်မိမိ ပူးပေါင်းလက်တွဲ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ယောဒေသ အမြန်ဆုံးလွတ်မြောက်ရေး၊ မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း PDF-Gangaw ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
အမှတ် (၁၂) PDF-Ganagaw အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ မနုတ်ထွက်ခင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ထဲတွင် ဂန့်ဂေါခရိုင် တပ်ရင်း (၂)၊ တပ်ရင်း (၈) နှင့် တပ်ရင် (၉) တို့ နုတ်ထွက်ထားပြီးဖြစ်သောကြောင့် ယောဒေသတွင် MOD လက်အောက်မှ နုတ်ထွက်ခဲ့သည့် တပ်ရင်း ၄ ရင်း ရှိလာပြီဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှ နုတ်ထွက်ခဲ့သည့် တပ်ရင်း ၄ ရင်းလုံးသည် ယောတပ်တော် (YA) လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။