ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ချီဖွေမြို့ကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် COC အသင်းတော် သင်းထောက်တစ်ဦး သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၃ ရက်နေ့ ည ၉ နာရီခွဲ အချိန်က ချီဖွေမြို့ကို စစ်ကောင်စီဂျက်လေယာဉ်တစ်စီးနှင့် ဗုံးလေးကြိမ်ထက်မနည်း လာရောက်ကြဲချပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးသော်လည်း လမ်းခုလတ်၌ပင် ဗုံးကျည်ထိမှန်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ချီဖွေဒေသခံ တစ်ဦးက ပြောပါသည်။
“အိမ်မှာကျကွဲပြီး ဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်) သင်းထောက်တစ်ဦးလည်း ဖြစ်သည်။
အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီက လေကြောင်းနှင့်လာရောက်ပစ်ခတ်ကြဲချခဲ့သည့် လေယာဉ် ဗုံး ၄ လုံးထဲက ၂ လုံးသည် ရစ်လော်ရပ်ကွက်နှင့် မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်၌ ကျကွဲပြီး ကျန် ဗုံး ၂ လုံးက မေခ (လောင်ဗျစ်) ချောင်းတဖက်ကမ်းမှာ ပေါက်ကွဲသွားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ချီဖွေမြို့တစ်ခုလုံးကို စစ်ကောင်စီတပ်က လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီဂျက်လေယာဉ်နှင့် တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
ယခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြု ဗုံးကြဲတိုက်ခိုက်နေတာက KIO/KIA ၏ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူများ မြို့ထဲကိုမဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ချီဖွေဒေသခံတစ်ဦးက ပြောဆိုသည်။
“သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတလောဆို ညတိုင်းလိုလို လာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက်သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ်လို့ပဲမြင်ပါတယ်” လို့ ပြောပါတယ်။
ချီဖွေမြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် စက်တင်ဘာလ ၂၉ ရက်ညတွင်လည်း စစ်ကောင်စီက လေကြောင်းနှင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘော်ဒါဆောင်တွင်ရှိနေသည့် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးမှုရှိခဲ့သလို တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ချီဖွေမြို့ပေါ်၌ တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသည်မှာ ၄ ရက်ခန့် ရှိလာပြီဖြစ်ပေမယ့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတာကြောင့် ချီဖွေဒေသခံ တစ်ထောင်ကျော်သည် မြို့ပြင်နေရာများ၌ ဆက်လက်တိမ်းရှောင်နေကြကြောင်း သိရသည်။
တဖက်တွင်လည်း ချီဖွေမြို့တစ်ခုလုံးကို သိမ်းပိုက်ထားသည့် KIO/KIA ကလည်း အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နိုင်ရန် အုပ်ချုပ်စနစ်တွေ လုပ်ဆောင်နေပြီဟုလည်း ဒေသခံများက ပြောပါသည်။
ချီဖွေမြို့သည် မြစ်ကြီးနားမြို့နှင့် ၈၈ မိုင်၊ ပန်ဝါနှင့် မိုင် ၄၀ အကွာ၌ရှိပြီး ပြည်သူ့စစ်တပ်က မြေရှားသတ္တု အများဆုံးထုတ်နေသည့် ဒေသလည်း ဖြစ်သည်။
KNG ပေးပို့သည်။