ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည် ချင်းပြည်ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုမတ်လ ၁၃ ရက်က အတည်ပြုပြဌာန်းနိုင်ပြီဖြစ်ကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်က ကျင်းပသည့် ပထမကြိမ်၊ ချင်းပြည်လွှတ်တော်၊ ပဥ္စမပုံမှန်အစည်းအဝေးတွင် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေး ဥပဒေနှင့် အခွန်အကောက်ဥပဒေ (၂၀၂၅) တို့ကို အတည်ပြုပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ချင်းပြည်ဒေသန္တရ အုပ်ချုပ်ရေးဥပဒေကို မတ်လ ၁၃ ရက်နေ့မှာ လွှတ်တော်ကနေအတည်ပြုခဲ့ပြီ” ဟု ချင်းပြည်လွှတ်တော်မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ သို့ရာတွင် ဥပဒေပြဌာန်းချက်များ၏ အသေးစိတ် အခြေအနေကို ၎င်းက ပြောဆိုခြင်းမရှိသေးပါ။
မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ မတူပီမြို့နယ်၊ လလွီကျေးရွာ၊ လွီဗန်းကျေးရွာ၊ ဇိုတုန်ဒေသက ရေဇွာမြို့ကို ချင်းပြည်အစိုးရဝန်ကြီးချုပ် ဦးဆောင်သောအဖွဲ့က သွားရောက်ခဲ့ရာတွင်လည်း ဒေသန္တရအစိုးရအဖွဲ့၊ ဒေသခံလူထုနှင့် တွေ့ဆုံရာ၌ ဒေသန္တရ အုပ်ချုပ်ရေးဥပဒေအကြောင်း ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
ချင်းပြည်အစိုးရ ဝန်ကြီးချုပ်ပူးပါထန်းဦးဆောင်သော အစိုးရအဖွဲ့သွားရောက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့လည်း ပါဝင်သည်ဟု သိရသည်။
မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဇိုဖေရမ်ဒေသ လေတပ်ရွာ၊ မရာဒေသ ငဖိုင်းသဲရွာ၊ လုံကျွေးပီးရွာ၊ လုံကျွေးသေးရွာ၊ လောက်တူဒေသ ဖန်ထဲန်ရွာတို့ကို ချင်းပြည်ကောင်စီ ဒုဥက္ကဌ – ၂၊ လွှတ်တော်ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးတို့ သွားရောက်၍ ပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ချင်းပြည်လွှတ်တော်က ပြဌာန်းလိုက်သော ဒေသန္တရ အုပ်ချုပ်ရေးဥပဒေကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
တော်လှန်ရေးကာလ ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ဒေသခံများ၏ စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းထားကြောင်း ချင်းပြည်လွှတ်တော်ဥက္ကဌ Pu Hung Naing က ဖြေကြားပြောဆိုထားသည်။
ဒေသန္တရအုပ်ချုပ်ရေးဥပဒေသည် သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသ၏ ဥပဒေအတိုင်း ရွေးကောက်တင်မြှောက်ခွင့်၊ ခန့်အပ်ပိုင်ခွင့်ကို ပေးထားပြီး၊ မြို့နယ်နှင့်ဒေသများတွင် တိုက်နယ်၊ တောင်ကျောအလိုက် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်ခွင့်ရရှိရေးအတွက် ဥက္ကဌနှင့်အတွင်းရေးမှူးစနစ်ဖြင့် ပြဌာန်းနိုင်ရေးဆောင်ရွက်နေသည်ဟု ၂၀၂၄ နိုဝင်ဘာလက ဖြေကြားပြောဆိုထားသည်။
ချင်းပြည်နယ်ရှိ မြို့နယ်နှင့်ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများက မတူညီမှုများရှိနေသော ၎င်းတို့၏ဥပဒေများဖြင့် အုပ်ချုပ်နေမှုများသည် ဥပဒေပြဌာန်းပြီးပါက မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးပိုင်းတွင်ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေနိုင်သည်ဟု သိရသည်။
ချင်းပြည်လွှတ်တော်သည် ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေ၊အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ အခွန်အကောက်ဥပဒေ၊ တရားစီရင်ရေးဥပဒေတို့ကို ပြဌာန်းထားခဲ့ပြီ ဖြစ်သည်။
KMG ပေးပို့သည်။