ချင်းပြည်ကောင်စီက ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုကို တွေ့ဆုံညှိနှိုင်း အဖြေရှာသည့်နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ဆွေးနွေး

By MPM 17 ဇူလိုင်, 2024 👁

ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးတင်းမှုများကို အဖွဲ့အစည်းအချင်းချင်းကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီ၏ ဆဌမအကြိမ် ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ၄ ရက်တာ ဆွေးနွေးခဲ့ကြရာ၌ အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု ဇူလိုင် ၁၇ ရက်တွင် ချင်းပြည်ကောင်စီက ထုတ်ပြန်ပါသည်။

ထိုအချက် ၅ ချက်တွင် ချင်းပြည်ကောင်စီတွင် ပူပေါင်းပါဝင်လာနိုင်ခြင်း မရှိသေးသောအဖွဲ့များ ပါဝင်လာနိုင်ရေး၊ လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးတင်းမှုများကို အဖွဲ့အစည်းအချင်းချင်းကြား တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသည့်နည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး၊ ချင်းပြည်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများအား ချင်းပြည်အစိုးရတပ်ဖွဲ့ဖြင့် အမြန်ဆုံးသိမ်းပိုက်နိုင်ရေးတို့ ပါဝင်သည်။

ထို့အပြင် ချင်းပြည်အတွင်း ချင်းပြည်သူများအချင်းချင်းကြား စိတ်ဝမ်းကွဲစေရန် သတင်းအမှားများ နည်းမျိုးစုံဖြင့် ဖြန့်ဝေနေမှုကို ချင်းပြည်သူများက အခြေအနေမှန်၊ သတင်းမှန်၊ ဖြစ်ရပ်မှန်များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ချင်းပြည် ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝ မြို့နယ်များရှိ ဒိုင်ရ်မျိုးနွယ်စုများ တစုတဖွဲ့တည်းဖြင့် ပေါင်းစည်းပြီး ချင်းပြည်ကောင်စီသို့ ပူးပေါင်းပါဝင်လာနိုင်ရေး ကိစ္စရပ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်ကောင်စီသည် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေး၊ ပြည်သူများ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် စစ်ရေးနှင့်နိုင်ငံရေး ဟန်ချက်ညီစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

KMG ပေးပို့သည်။