ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

By MPM 8 မတ်, 2026 👁 4

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနှင့် အကိုက်အခဲပျောက်ဆေးအပြင် အမျိုးသမီးလစဉ်သုံးများ လိုအပ်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသအခြေအနေနှင့်ပတ်သက်၍ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က မတ်လ ၅ ရက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်ရပြီး အိပ်ယာ၊ အိမ်သာ၊ ရေချိုးခန်းများ လုံလောက်စွာ မရှိသောကြောင့် အမျိုးသမီးများမှာ မလုံခြုံမှုများ ခံစားနေရကြောင်း WJ ကပြောသည်။

တချို့သော အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ ညစ်ညမ်းပြောဆိုခံရခြင်း၊ စစ်ရှောင်စခန်းတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပျက်နေသော အိမ်တွင်းအကြမ်းဖက်မှုများ၊ မိသားစုပြသနာများလည်း မကြာခဏ ဖြစ်ပေါ်သည့်အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ယင်းဒေသ စစ်ရှောင်စခန်းမှ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

ချင်းနှင့် စစ်ကိုင်းမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ကြောင့် ဒေသခံပြည်သူ ၃၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း WJ က ထုတ်ပြန်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ချင်း၊ စစ်ကိုင်းမှ အမျိုးသမီးများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုခံရပါက တရားရုံးတွင် အမှုရင်ဆိုင်ဖြေရှင်းရန် အသွားအလာ လုံခြုံရေးကို စိုးရိမ်းရခြင်း၊ ဥပဒေစိုးမိုးမှု အားနည်းနေ၍ တရားမျှတမှု မရရှိခြင်း၊ စစ်အုပ်စုကျူးလွန်းသော အမှုများကို တရားစွဲဆိုရန် ခက်ခဲခြင်းနှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုများကို ဖော်ထုတ်ပြောဆိုရန် ကြောက်ရွံ့ခြင်းမှုကြောင့် အမျိုးသမီးများဘဝ မလုံခြုံမှုသည် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန်တွင် ချင်းလူမျိုးများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ တစ်သိန်းကျော်ရှိပြီး နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် ခြောက်သောင်းကျော်ရှိကြောင်း ချင်းရေးရာအဖွဲ့ (ICA) ဇန်နဝါရီလကုန်က ထုတ်ပြန်ထားသည်။

KMG