ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်လာလို့ ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၂၀၀၀ ခန့်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် စက်တင်ဘာ ၁၂ ရက်နေ့က ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုရှိ မြို့ဟောင်း ကျေးရွာသို့ ဝင်ရောက်လာတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင် ခဲ့ကြရသည်စဟု ဆိုသည်။
ယင်းနောက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်သည့်အတွက် ခလယ်-တံခွန်တိုက် ကျေးရွာအုပ်စုအတွင်းရှိ ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်တံခွန်တိုင် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံတစ်ဦးက “မနေ့ (စက်တင်ဘာ ၁၄) ကတည်းက ပစ်ခတ်မှု ဖြစ်နေတာ။ ဒီနေ့ (စက်တင်ဘာ ၁၅) လည်း အခြေအနေ မကောင်းဘူး။ မနက်ပိုင်းမှာ သေနတ်သံ ကြားသေးတယ်။ စစ်ဘေးရှောင် က ၂၀၀၀ ဝန်းကျင်လောက် ရှိနေတယ်။ (ဒေသခံ) တချို့က စစ်ကြောင်းထိုး ဝင်လာတဲ့နေ့ကတည်း တိမ်းရှောင် နေကြတယ်။ အခု တိုက်ပွဲဖြစ်တော့ ထပ်ပြေးကြတော့ လူက များလာတယ်” ဟု ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၂၀၀၀ ခန့် ရှိကြောင်းနှင့် အများစုသည် အနီးနားရွာရှိ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရကြောင်း၊ တချို့မှာလည်း နီးစပ်ရာဆွေမျိုး မိတ်ဆွေတို့ထံ နေနေရကြောင်း ဒေသခံများထံမှ သိရသည်။
အခြားဒေသခံတစ်ဦးက “အနီးနားရွာမှာ နေထိုင်ရတာရှိတယ်၊ မနေ့တုန်းကဆို (စက်တင်ဘာ ၁၄) မိုးလည်း ရွာနေတယ်။ ထပ်ပြေးလာတဲ့လူတွေ များလာတော့ စားရေး၊ သောက်ရေး၊ နေရာထိုင်ခင်းနဲ့ သွားလာရေးက အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်ကျေးရွာ အုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိနေသည်။
နှစ်ဘက်တပ်အကြား တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့် ချီသည့် ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု စစ်ဘေးရှောင်ဒေသခံများက ပြောသည်။
ခလယ်-တံခွန်တိုင်ဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
IMNA ပေးပို့သည်။