ကွတ်ခိုင်တွင် တစ်နေ့တည်း စစ်ကောင်စီနှင့် KIA တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွား

0
269
ပုံစာ - ကွတ်ခိုင်မြို့နယ်အတွင်း တစ်နေ့တည်း ထိတွေ့တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဇူလိုင် ၉ ရက် တစ်နေ့တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်နှင့် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် နံနက်ပိုင်းထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုသည် သိန္နီမြို့မှ မဘိမ်းကျေးရွာနား အကျော်တွင် KIA တပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ခုက မဘိမ်းကျော်နားမှာ KIA နဲ့ တွေ့မိပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတာ၊ အဲ့တိုက်ပွဲက တစ်နာရီကျော်လောက် ကြာတယ်၊ စစ်ကောင်စီဘက် ပြန်ဆုတ်သွားလို့ တိုက်ပွဲငြိမ်သွားတာ၊ ထိခိုက်ကျဆုံးမှုတော့ မသိရဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

နံနက်ပိုင်း ထိတွေ့တိုက်ပွဲအပြီး ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် သိန္နီမြို့မှ စစ်ကားအစီး ၁၀ နီးပါးဖြင့် ကွတ်ခိုင်ဘက် ပြန်တက်လာရာ မဘိမ်း – နမ့်ဖက်ကာကြား အရောက်တွင် KIA စစ်ကြောင်းနှင့် ရင်ဆိုင်တွေ့ပြီး တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း သိရသည်။

“ညနေဘက်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လက်နက်ကြီးလက်နက်ငယ် အသံတွေ ကြားရတယ်၊ ပြီးတော့ ရွာတွေ ဘက်လည်း နီးသွားတယ်၊ အဲ့ညနေ ထိခိုက်ကျဆုံးမှု ရှိပေမယ့် အတိအကျတော့ မသိရဘူး” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ညအချိန် ဖြစ်ပွားသည့် တိုက်ပွဲတွင် လူနေကျေးရွာနှင့် နီးစပ်သည့်အတွက် ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိလာကြောင်း အဆိုပါဒေသခံ၏ ပြောဆိုမှုအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာဒေသအနီးတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိနေဆဲဖြစ်သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here