28 ဇွန် 2025 /

See today's Peace Related News

သတင်းကြာအင်းဆိပ်ကြီး၊ ကျုံခဝန်ကျေးရွာကို စစ်ကောင်စီလေယာဉ်နှင့်ဗုံးကြဲ အရပ်သား ၂ ဦး ဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ ကျုံခဝန်ကျေးရွာကို စစ်ကောင်စီလေယာဉ်နှင့်ဗုံးကြဲ အရပ်သား ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရွာသားများထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံခဝန် ကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၂ နာရီဝန်းကျင်မှာ ဗုံးကြဲချခံလိုက်ရတယ်။ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ၂၀၀ ရော၊ ရော့ကတ်တွေနဲ့ လည်းပစ်ချခဲ့တယ်။ တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး။ လူကြီးတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်။ ကလေးတစ်ယောက်လည်း ဒဏ်ရာရသွားခဲ့တယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ နှစ်အရွယ်အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး၊ အသက် ၃ နှစ်အရွယ်ကလေးငယ်လည်း ဦးခေါင်းတွင် ကျည်ရှထိမှန်ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။ ပြင်းထန်ဒဏ်ရာ ရသူသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ညီမတို့ ယောက္ခထီးပဲ အခုဆေးရုံးမှာ။ လူကြီးကတော့ အမျိုးသားလိင်အင်္ဂါမှာ ထိသွားတယ်။ အသက်ရှင်ဖို့ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ တူလေးကတော့ ခေါင်းနည်းနည်းထိသွားတယ်။ တူလေးကတော့ ဆေးရုံးကနေ ဆင်းလာပြီ။ အခုက ကျုံခဝန်ကလူတွေရော အဲအနီးအနားကရွာတွေရော ပြေးကုန်ကြပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျုံခဝန်ကျေးရွာနှင့် အနီးနားတဝိုက်ရှိ တောင်ဒီး၊ ခလယ်-တံခွန်တိုင်၊ ဖားပြ စသည့် ကျေးရွာ ၅ ရွာထက်မနည်းက ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်မှုအောက်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေကြောင်း သိရသည်။

စစ်ကောင်စီက နယ်မြေဆုံးရှုံးထားရမှုများသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီဒေသတို့တွင် ယခုရက်ပိုင်းအတွင်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

အလားတူ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘဲ လူနေကျေးရွာထဲကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်တပ်များ သိမ်းပိုက်နေရာယူထားသည့် မြို့၊ ရွာများတွင် သတင်းရရှိမှုအပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန်လိုအပ်ကြောင်း စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့သို့ရောက်စဉ် ပြောဆိုခဲ့ပြီးနောက် တိုင်းရင်းသားဒေသများကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

IMNA ပေးပို့သည်။