သျှမ်းပြည်၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟူးကွက်ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြောဆိုမှုအရ သိရသည်။
ကျောက်မဲမြို့နယ်ရှိ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းကို ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာတွင် ဇရပ်နှင့် ဆွမ်းစားကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီး၍ ကိုရင်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ကျမတို့က လက်ဖက်ခြံကနေ အိမ်ပြန်လာအိပ်တာ ၂ ညပဲ ရှိသေးတယ်။ နေ့လယ်က ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ၂ ခါ ဗုံးလာကြဲသွားတယ်။ ကျောင်းဝင်းအလယ်ကို ဗုံးကျကွဲတယ်။ ကျောင်းကြီးရယ်၊ ဇရပ်နဲ့ ဆွမ်းစားကျောင်းလည်း ရစရာ မရှိတော့ဘူး။ အခုကြောက်လို့ လက်ဖက်ခြံထဲ ပြန်ရောက်နေပြီ” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ဩဂုတ်လ ၁၆ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့သို့ ဒုတိယအကြိမ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချခဲ့ဖူးပြီး ထိုစဉ်က အရပ်သား ၁ ဦး သေဆုံး၍ အမျိုးသမီးနှင့် ကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၁၊ ၅၀၂ တို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၆ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကျဆုံး စကခ (၁) ၏ တပ်မှူးသစ်အဖြစ် ကလောမြို့ စစ်ဦးစီး တက္ကသိုလ်သင်တန်းမှူး ဗိုလ်မှူးကြီး ဟိန်းထက်နောင်ကို ခန့်အပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဩဂုတ်လ (၁၂) ရက်တွင် ပြောဆိုထားသည်။
ညီနောင်မဟာမိတ်တပ်များမှ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကို တားဆီးရပ်တန့်ပေးရန် တရုတ်သို့ စာထုတ်ပြန် တောင်းဆိုထားသော်လည်း TNLA ထိန်းချုပ်ထားနိုင်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များကို ဩဂုတ်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။