ကျောက်မဲမြို့ကို ပြန်လည်ရရှိပြီးနောက် အခြားသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA) ထိန်းချုပ်မြို့များကို စစ်ကောင်စီက စစ်ရေးတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေသည်။
အောက်တိုဘာ ၈ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းငေါ့မြို့ကို ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် ရော့ကဒ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာလ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် သီပေါနှင့် နမ္မတူမြို့တို့ကို စစ်ကောင်စီ ဗုံးကြဲ၍ ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီ၏ ထိုးစစ်မှာ သီပေါကို ဦးတည်နေပြီး စစ်ရေးနှင့်မသက်ဆိုင်သည့် နယ်မြေများကိုလည်း လေကြောင်းတိုက်ခိုက်ကာ စစ်ရေးအရဖိအားပေးနေခြင်းဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ရှုမြင်ကြသည်။
“ ရှမ်းမြောက်မှာကတော့ လက်ရှိအနေအထားက သီပေါနားကို နည်းနည်းကပ်လာပြီ။ စစ်ကောင်စီက TNLA မြေပြင် ခံစစ်ခေါင်းမထောင်နိုင်အောင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတယ်။ ပြီးတော့ စစ်ရေးနယ်မြေတွေမဟုတ်တဲ့ နမ္မတူတို့ မိုင်းငေါ့တို့ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာတာတွေ့ရတယ်။ အနေအထားကတော့ သီပေါက အနှေးနဲ့အမြန် ကျောက်မဲ၊ နောင်ချိုလိုပဲ ပြန်ပြီးတော့ ထိန်းချုပ်သွားနိုင်မယ့် အနေအထားပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
စစ်ကောင်စီသည် သီပေါကို အပြည့်အဝ ထိန်းချုပ်နိုင်ပါက တရုတ်ဖိအားယူ၍ TNLA နှင့် ဆွေနွေးပွဲ လုပ်လာနိုင်ခြေရှိပြီး ထိုဆွေးနွေးမှုများသည် စစ်ကောင်စီဖက်က တစ်ဖက်သက် တောင်းဆိုမှု များလာနိုင်ခြေရှိကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။
စစ်ကောင်စီနှင့် TNLA ကြား ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် စစ်ကောင်စီထံ ကျောက်မဲနှင့် သီပေါကို ပြန်ပေးမည်ဟု TNLA က ကမ်းလှမ်းခဲ့သော်လည်း စစ်ကောင်စီက နမ့်ဆန်နှင့် မန်တုံကလွဲ ကျန်မြို့များကို တိုက်ယူမည်ဟု တုံ့ပြန်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်စာရင်းတွင် ကျောက်မဲနှင့် သီပေါကိုပါ ထည့်သွင်းခဲ့သည်။
“ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် TNLA ထိန်းချုပ်ဒေသတွေကို ထိုးစစ်ဆင်နေတာက တရုတ်နဲ့ ကုန်သွယ်ရေးလမ်းမကြီးကို အပြည့်အဝ ထိန်းချုပ်ချင်တာလည်း ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကတော့ အဓိကပေါ့။ ဘာလို့ မြန်မြန် ပြန်သိမ်းနိုင်နေတာလဲဆိုတော့ တရုတ်ကလည်း တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတာ၊ စစ်ကောင်စီရဲ့ ဒရုန်းသုံးစွဲနိုင်မှု တွင်ကျယ်လာတာ၊ သတင်းအချက် အလက်ရတာတွေကြောင့်လဲပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
လက်ရှိ ရှမ်းမြောက်ဒေသတွင် နောင်ချိုနှင့် ကျောက်မဲကို TNLA ထံမှ စစ်ကောင်စီ ပြန်လည်သိမ်းယူ ထားသည့်အပြင် နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားသည်။
TNLA ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီ ပြန်လည်ရရှိရေး လေကြောင်းတိုက်ခိုက်မှုကိုယူကာ အသည်းအသန်ကြိုးပမ်းနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်လုံခြုံမှု ကင်းမဲ့နေကြရသည်။
စစ်ကောင်စီသည် မြို့အတွင်း ပြည်သူများ မနေထိုင်ရဲအောင် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများနှင့် ပြည်သူများအပေါ် လေကြောင်း၊ လက်နက်ကြီးကို အသုံးပြုပြီး စစ်ရာဇဝတ်မှုများ ပေါ်ပေါ်တင်တင် ကျူးလွန်နေကြာင်း TNLA က ဆိုထားသည်။
DMG