ကျောက်မဲတောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်က ၄ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

By MPM 29 နိုဝင်ဘာ, 2023 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် ကျောက်မဲတောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ လက်အောက်ခံ မေတ္တာမြို့နယ်ရဲစခန်းမှ လက်နက်ကြီးနှင့် ရမ်းသန်း ပြန်ပစ်ခတ်ခဲ့သည့်အတွက် ကျောက်မဲ တောင်ကျေးရွာက ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား အချိန် ၇ နာရီဝန်းကျင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးအင်အားစုများက ကျောက်မဲတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ဖို့အထိ ကြိုးပမ်းခဲ့ကြသော်လည်း ကျည်အခက်အခဲ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထားဝယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက မကြာခဏ တိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်က မြို့ဝင်မြို့ထွက်နေရာများကို လုံခြုံရေးတိုးမြှင့်ထားသလို ဘန်ကာများကိုလည်း အခိုင်အမာ တည်ဆောက်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ထားဝယ်မြို့ ရှင်ဓာတ်ဝဲဘုရားအနီးက စစ်ကောင်စီတပ်ဖွဲ့သည် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရမှုကြောင့် ၆ ဦးထက် မနည်းသေဆုံးခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။