ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ အာရက္ခတပ်တော် (AA) ၏ လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်မှုတို့ကြောင့် အထိနာကာ ရေနံတောင်ရွာဘက်သို့ ဆုတ်ခွာနေရကြောင်း မြေပြင်စစ်ရေးအခြေအနေသိရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ရေနံတောင်ကျေးရွာကနေ မင်းပြင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်က တိုက်ခိုက်မှုကြောင့် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် ရေနံတောင်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။
“ သူတို့ (စစ်ကောင်စီ) တွေ တဖြည်းဖြည်း ဆုတ်ခွာနေတယ်။ ဆုတ်ခွာတဲ့ လမ်းကြောင်းကိုလည်း AA က လက်နက်ကြီးတွေနဲ့ လိုက်ပြီးရှင်းနေတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နည်းနည်းပါးပါးလောက်ပဲ ကျန်တော့တယ်။ ရေနံတောင်ရွာဘက်ကို ဆုတ်ပြေးသွားတာ” ဟု စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၄ ရက် မင်းပြင်ရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိုးလေဝသစခန်း (ဒေသအခေါ် ) ရေဒါတောင်တွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် အာရက္ခတပ်တော်က လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စွာပျံ့နှံ့ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တိုက်ပွဲအတွင်း ရေဒါတောင်အောက်ရှိ ဝန်ထမ်းအိမ်ရာအနီးနှင့် ကျေးရွာအတွင်း ဖြန့်ကျက်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း AA တိုက်ခိုက်မှုကြောင်း သေဆုံးသွားခဲ့သည်ဟု မြေပြင်အခြေအနေသိရှိသူများထံမှ သိရသည်။
“ အဲဒီနေ့ (နိုဝင်ဘာ ၁၄) ရက်က မင်းပြင်ရွာကိုလာတဲ့ စစ်ကြောင်းကို AA က နည်းနည်းလောက်ပဲ ကြား ဖြတ်တိုက်ပြီး ဆုတ်ခွာပေးခဲ့တာ။ ဒါကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငါတို့ကိုကြောက်ပြီး ထွက်ပြေးကြပြီ ဆိုတဲ့အထာနဲ့ ဓာတ်ပုံတွေရိုက်ကြတာ။ ဒီဘက် (AA) က လုံးဝ ဗျူဟာကျကျနဲ့ ပြန်တွယ်တဲ့ အခါကျတော့ မခံနိုင်ဘဲ ထွက်ပြေးကြတာဖြစ်တယ်” နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မင်းပြင်ရွာနှင့် ရေနံတောင်ကျေးရွာမှာ ၁ မိုင်ကျော်ခန့် ကွာဝေးပြီး ရေနံတောင်ကျေးရွာတွင် အခြေကုတ်ရယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မင်းပြင် ရွာဘက်ကို အင်အားသုံး၍ ပြန်လည်ထိုးစစ်ဆင်မည့် အခြေအနေရှိကြောင်းလည်း မြေပြင်စစ်ရေးအခြေအနေသိရှိသူများက ခန့်မှန်းကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ အစောပိုင်းကစ၍ သိုင်းချောင်း၊ ဂေါ်တူနှင့် ရေနံတောင်ကျေးရွာများကို ထိုးဖောက်လာခဲ့သဖြင့် အနီးအနားကျေးရွာများဖြစ်သည့် ချောင်းဖျား၊ ချောင်းဝ၊ ချောင်းမြောင် စသည့် ကျေးရွာများအပါအဝင် လက်နက်ကြီး မီနိုင်သော ဆင်ဘုတ်၊ စပါးထားနဲ့ မင်းရပ်တိုက်နယ်ရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်းမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။
DMG