23 ဧပြီ 2025 /

See today's Peace Related News

သတင်းကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်လာ

ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက စက်တပ်လေထီးများဖြင့် တိုက်ခိုက်လာ

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက စက်တပ်လေထီး (Paramotor) များကို တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာနေကြောင်း သိရသည်။

စက်တပ်လေထီးများကို မတ်လ တတိယပတ်ကစ၍ ကျောက်ဖြူမြို့ပေါ် ပြင်ဖြူမော်နှင့် ငလပွေ့ရပ်ကွက်တို့တွင် လေ့ကျင့် စမ်းသပ်ခဲ့ပြီး ဧပြီလအစောပိုင်းကစ၍ စစ်မြေပြင်တွင် နေ့စဉ်အသုံးပြုတိုက်ခိုက်လာသည်ဟု ဆိုသည်။

“အရင်ဦးဆုံး မြို့ပေါ်ရပ်ကွက်တွေမှာ လေ့ကျင့်ပျံသန်းမှုတွေ ရက်ပေါင်းတစ်ဆယ်ကျော်လောက်လုပ်တယ်။ တိုက်ခိုက်ရေးမှာ စပြီးအသုံးပြုတာကတော့ ဧပြီလအစောပိုင်း လောက်မှာဖြစ်တယ်။ အခုဆိုရင် အဲဒီလေထီးနဲ့ နေ့တိုင်းနီးပါး ဗုံးတွေကြဲချနေတာ ဗုံးကွဲတဲ့အသံကလည်း တော်တော်အသံကျယ်တယ်” ဟု ကျောက်ဖြူမြို့နယ် ကုလာဘာ ကျေးရွာသားတစ်ဦးက ပြောသည်။

စက်တပ်လေထီးများဖြင့် လူနေကျေးရွာများကိုပါ ဗုံးကြဲမှုများရှိနေပြီး ကုလာဘာ၊ ပြင်ရှည်၊ မလကျွန်းနှင့် သိုင်းချောင်းကျေးရွာတို့တွင် နေအိမ်ပျက်စီးမှု၊ ကျွဲ၊နွားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲအတွင်း စက်တပ်လေထီး နှစ်စီးထက်မနည်း အသုံးပြုနေခြင်းဖြစ်ပြီး အဓိက ညဘက် အချိန်တွင် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ည ၉ နာရီလောက်ကနေ မိုးလင်းအာရုဏ် ၄ နာရီလောက်အထိ စက်တပ်လေထီးတွေကနေ ဗုံးကြဲချတယ်။ ညဆိုတော့ အသံလောက်ပဲကြားရပြီး မြင်ရတာမဟုတ်တော့ ဘယ်နှစ်စီးရှိတယ်ဆိုတာ အတိအကျ မသိရဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ၂ စီးထက်မနည်း လာပြီးဗုံးကြဲနေတာတော့ သေချာတယ်” ဟု မြေပြင်အခြေနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စက်တပ်လေထီးများကို ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းကစ၍ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံအနှံ့ တွင်ကျယ်စွာ အသုံးပြုလာနေခြင်းလည်း ဖြစ်သည်။

အဆိုပါ စက်တပ်လေထီးများမှာ တစ်နာရီကို မိုင် ၆၀ ဝန်းကျင်ဖြင့် အမြင့်ပေ တစ်သောင်း (၁,၀၀၀၀) ကျော် ပျံသန်းနိုင်ပြီး လူ ၂ ဦး လိုက်ပါစီးနှင်းနိုင်သည့်အပြင် အလေးချိန်အားဖြင့် တစ်တန်နီးပါး ခံနိုင်ရည်ရှိသောကြောင့် အမြှောက်ဆံနှင့် လက်ပစ်ဗုံးမြောက်များစွာကို တင်ဆောင်နိုင်ကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။