ကျောက်ဖြူတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ရွာခန့် နေရပ်စွန့်ခွာပြေးနေ

By MPM 24 ဖေ‌ဖော်ဝါရီ, 2025 👁 3

ရခိုင်ပြည်၊ ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲများ အရှိန်မြင့်ပြင်းထန်နေပြီး ကျေးရွာပေါင်း ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်း၊ ကြတ္တိန်နှင့် စည်မော်ကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖေဖော်ဝါ ၂၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများဖြင့် အသည်းအသန် ခုခံတိုက်ခိုက်နေပြီး လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်မီးလောင်ပျက်စီးမှု အပါအဝင် ကျွဲ၊ နွား သေဆုံးမှုများလည်းရှိကြောင်း သိရသော်လည်း ပျက်စီးမှုအတိအကျကို မသိရှိရသေးပေ။

ကျောက်ဖြူဒေသခံတစ်ဦးက “တိုက်ပွဲက ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၉ နာရီကစလို့ ပြင်းထန်နေတယ်။ အခု ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ပြင်းထန်နေတုန်းပဲ။ စစ်ကောင်စီကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကလည်း လေကြောင်းတွေသုံးပြီးတော့ တိုက်ခိုက်နေတယ်။ တိုက်ပွဲကတော့ တော်တော်လည်း ပြင်းထန်နေတဲ့ အနေအထားမှာရှိတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် စစ်တော၊ စည်မော်၊ ရှောက်ရှောင်း၊ စိုင်ခြုံ၊ စိုင်ခြုံဒိန်၊ ကပ်သပြေ၊ ပျားတဲ၊ ကြတ္တိန်၊ ဦးကင်း၊ ဒိုးမတောင် စသည့် ကျေးရွာပေါင်း ၁၀ ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်နေကြသည်။

“လေယာဉ်နဲ့ ဗုံးကြဲတယ်။ ဒရုန်းတွေနဲ့လည်း လာပစ်ပါတယ်။ ပြီးတော့ လက်နက်ငယ်သံတွေလည်း မျိုးစုံ ကြားရတယ်။ ကျနော်လည်း ကြောက်လာတယ်။ တောင်မှာထမင်းချက်စားပြီးတော့ တနေကုန်ထွက်ပြေးနေခဲ့ရတယ်” ဟု စိုင်ခြုံကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ဦးဖြိုးဝေထွန်းက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို လက်ရှိတွင် HDCO နှင့် အရပ်ဖက်အဖွဲအစည်းတို့က စစ်ဘေးရှောင်စခန်းများအပြင် နီးစပ်ရာဆွေးမျိုးနေအိမ်များတွင် ယာယီနေရာချပေးထားပြီး စားနပ်ရိက္ခာ၊ အဝတ်အထည် အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“အိုးလည်မရဘူး၊ ခွက်လည်းမရခဲ့ဘူး။ စားစရာလည်းတစ်ခုမှ မပါဘူး။ အင်္ကျီအဝတ်အစားတောင် မပါဘဲ ပြေးလာရတယ်။ သေနတ်သံတွေကြား တိုက်ပွဲဖြစ်လို့ ပြေးလာရတယ်။ ထမင်းမစားရ၊ ဟင်းမစားရဘဲ ဗုံးကျင်းမှာလည်း နေခဲ့ရတယ်” ဟု စည်မော်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ဒေါ်ညိုစေ့ကေက ပြေသည်။

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲသည့် ၂၀၂၃၊ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA ) တိုကြား ထိတွေ့တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ရှိခဲ့သော်လည်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပေ။

ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှစ၍ စစ်ရေးတင်းမာမှုများနှင့်အတူ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်း၊ လျှပ်စစ်ဖြန့်ဖြူးရေးနှင့် SEZ စီမံကိန်း စသည့် တရုတ်နိုင်ငံ၏ စီမံကိန်းများစွာတည်ရှိရာဖြစ်ပြီး စစ်ကောင်စီအတွက် ဒေါ်လာ သန်းပေါင်းများစွာသော အကျိုးအမြတ် ရရှိနေသည့်နေရာလည်း ဖြစ်သည်။

အောင်ထိန် (DMG ) ပေးပို့သည်။