ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် စစ်ဘေးရှောင် ပိုများလာ

0
351

ပဲခူးတိုင်းဒေသကြီး၊ ကေအဲန်ယူတပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ဘေးရှောင်ပိုမိုများပြားလာပြီး ကျန်းမာရေးနှင့် စားဝတ်နေရေးခက်ခဲနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ဧပြီလ (၄) ရက်နေ့မှစ၍ စစ်ကောင်စီတပ်များသည် ဘော်ကထာစစ်ကောင်စီတပ်စခန်းသို့သွားရန် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားကြီး၊ ပဒဲကော၊ မဘီ၊ ငဖယ်အင်း အစရှိသည့်ကျေးရွာများမှ ဒေသခံထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးတပ်များအကြား နှစ်ဖက်ပစ်ခတ်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး ယခင်ကတည်းက စစ်ဘေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့်လည်း ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ စားဝတ်နေရေး စိုးရိမ်စရာရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်ကရမ်းသမ်းပစ်ခတ်တာတွေရော၊ နှစ်ဖက်တိုက်ပွဲတွေရော ရှိလာတဲ့အခါကျတော့ လက်ရှိအိုးမဲ့အိမ်မဲ့ဖြစ်သူများလာတယ်။ စစ်ဘေးချည်းပဲရှောင်နေရတော့ အလုပ်အကိုင်လုပ်ဖို့နဲ့စားဝတ်နေရေး ခက်ခဲလာတယ်။ ကလေးတွေရော သက်ကြီးပိုင်းတွေအတွက်ကလည်း ကျန်းမာရေးအခက်အခဲရှိတယ်။ သွားရေးလာရေးနဲ့သယ်ယူပို့ဆောင်ရေး မလွယ်ကူတော့ ဒီကိုအထောက်အပံ့က မရဘူးဖြစ်နေတယ်” ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ကျေးရွာများအတွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် သွားလာရခက်ခဲသဖြင့် စစ်ဘေးရှောင်များအတွက် လိုအပ်သောအကူအညီများပေးရန် ခဲယဥ်းကြောင်း စစ်ဘေးရှောင်ကူညီသူများက‌ ပြောသည်။

ပြည်တွင်း နေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ၏ ဒု-တာဝန်ခံ စောခဲလေကလည်း “ကျနော်တို့ CIDKP အနေနဲ့ ကူညီလှုပ်ရှားနေတဲ့ဒေသတွေထဲမှာ ညောင်လေးပင်ခရိုင်က အကူအညီရောက်ရှိဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ လမ်းခရီးသွားလာဖို့အခက်အခဲရှိတာနဲ့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့်ပါ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိုသို့ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များတွင် နယ်မြေကျွမ်းကျင်သူများလည်းပါဝင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသော်လည်း နှစ်ဖက်အထိအခိုက်နှင့်ကျဆုံးမှုများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန်ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နေ့ကလည်း စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်စကြောင့် ဒေသခံနေအိမ် (၂) လုံးထိမှန်ပျက်ဆီးခဲ့သလို ဧပြီလ (၁၃) ရက်နေ့က ကော်သာစေးနှင့်ကျော်မော်ဘုရားကြီး ကျေးရွာမှ ဒေသခံ (၆) ဦးအား စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်တစ်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်မှ သိရသည်။

အလားတူ ကရင်ငြိမ်းချမ်းရေး ပံ့ပိုးကူညီရေးကွန်ရက် (KPSN) က စစ်တပ်အာဏာသိမ်းယူချိန်မှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းလေးသောင်းကျော် ရှိကြောင်း ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here