ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-နတ်သံကွင်း လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေယာဥ်များအသုံးပြုမှုကာ အရှိန်မြင့်တိုက်ခိုက်နေကြောင်း KNU နှင့် စစ်ရှောင်ကူညီပေးနေသူတို့က ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်က ကျောက်ကြီးမြို့မှ မုန်းမြို့နယ်သို့ပေါက်ရောက်သည့် အဆိုပါလမ်းပိုင်းပေါ်ရှိ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရွာကြီးအင်း စသည့် စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် ကျေးရွာများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က တိုက်ခိုက်ရှင်းလင်းလိုက်နိုင်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရက်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအသုံးပြု တုံ့ပြန်ခဲ့သလို မေလ ၇ ရက်နေ့မှ စတင်ကာ ဂျက်ဖိုက်တာများ၊ Y12 များအပြင် အနီးစခန်းတို့မှနေ၍ လက်နက်ကြီးများပါသုံးကာ အဆိုပါကျေးရွာများသို့ တကျော့ပြန် အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်ဟု ကျောက်ကြီးမြို့နယ် KNU တာဝန်ခံနှင့် မုန်းဒေသလှုပ်ရှားသည့် စစ်ရှောင်ကူအဖွဲ့ထံမှ သိရသည်။
KNU တာဝန်ရှိသူ ပဒိုစောဝါးမူက “လက်ရှိတော့ ကျောက်ကြီး-နတ်သံကွင်းလမ်းမှာ ရန်သူတက်လာတာ ခြေကုပ် ပြန်ယူနိုင်တာ မရှိဘူး။ တော်တော်နဲ့ ပြန်ဝင်လို့ရမယ်မထင်ဘူး။ လက်နက်ကြီးနဲ့ ဒရုန်းသုံးတာတွေတော့ လုပ်တယ်။ Jet Fighter နဲ့ Y12 နဲ့ ဒရုန်းတွေသုံးတယ်။ အဝေးကသူတို့စခန်းကနေ လက်နက်ကြီးတွေပစ်တယ်။ ပြီးခဲ့တဲ့လကထက်စာရင် ဒီလကတော့ ပစ်ခတ်တဲ့အကြိမ်ရေ ပိုများတယ်လို့ပြောလို့ရတယ်” ဟု ပြောသည်။
ပုံမှန်အသုံးပြုနေကျ ကတ္တရာခင်းကားလမ်းကြီးပေါ် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာ၍ မည်သူမျှ ဖြတ်သန်းသွားလာမှု မရှိတော့သည့်နောက်ပိုင်း ဖော်ပြပါရွာများကိုဖြတ်၍ ကျောက်ကြီးမြို့အထိ ပေါက်ရောက်သည့် တောလမ်းကို စစ်ကောင်စီတပ်က ဖောက်လုပ်ပြီး ရိက္ခာပို့လမ်းကြောင်းအဖြစ် ပြောင်းလဲအသုံးပြုနေခြင်းဖြစ်သည်။
ထိုစဥ်ကတည်းက စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကြိုတင်စစ်ရှောင်ရှားကြသည့် လူမရှိသည့် နေအိမ်များပေါ် စစ်ကောင်စီတပ်ကဝင်ရောက်၍ ပစ္စည်းခိုးယူမှုများရှိခဲ့သလို အဆိုပါ ရေတွင်းကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာဆိပ်၊ ရေလဲ၊ ရွာကြီးအင်း အစရှိသည့် ရွာများတွင်လည်း ခြေကုပ်ယူနေထိုင်ခဲ့ကြကြောင်း ကျောက်ကြီး စစ်ရှောင်များထံမှ သိရသည်။
“အရင်ကတည်းက အဲဒီတဝိုက်ကရွာတွေက အကုန်စစ်ရှောင်တွေပဲ။ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိပြီ။ အခု တိုက်ပွဲ နောက်တကြိမ်စပေါ်တဲ့ကာလမှာလည်း လက်နက်ကြီးတွေက အဲဒီမှာနေ့တိုင်း ညတိုင်းကျတယ်။ Y12 နဲ့ ဒရုန်းနဲ့ ကျေးရွာမှာ လိုက်ကြဲချတာတွေရှိတယ်” ဟု မုန်းမြို့နယ် ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
ကျောက်ကြီးနှင့် မုန်းမြို့နယ်အပြင် ရွှေကျင်မြို့နယ်ဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ယခုမေလအထိ KNLA ပူးပေါင်းတပ်၏ စစ်ကောင်စီစခန်းသိမ်းယူသည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုကာလအတွင်း စစ်ကောင်စီ က လူနေအိမ်ခြေရှိသည့် ရွာများသို့ လက်နက်ကြီးနှင့်လေယာဥ်သုံးကာ ပစ်ခတ်တိုက်ခဲ့မှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေကြရသည်ဟုလည်း KNU – ဗဟို၏ မေလ (၁၃) ရက်နေ့ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
KIC ပေးပို့သည်။