ကျုံဒိုးတွင် လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုရှိနေ

By MPM 20 မေ, 2025 👁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ဖက်တပ်ကြား အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် အမှတ် ၅၄၅ ခြေမြန်တပ်ရင်း၊ အမှတ် ၅၄၆ ခြေမြန်တပ်ရင်းနှင့် အခြားကာကင်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံများနှင့် နေအိမ်များကို ထိခိုက်လျက်ရှိခြင်းဖြစ်သည်။

မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျုံဒိုးမြို့အနီး ကျွန်းကလေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်ကိုပြန်လာကြည့်သည့် စစ်ဘေးရှောင်ကျောင်းဆရာတစ်ဦး လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့သည်ဟု ကျုံဒိုးမြို့ခံတို့က ပြောသည်။

“ကျုံဒိုးဘက်မှာ ပစ်ခတ်သံတွေနည်းနည်းငြိမ်သက်သွားတော့ လူတွေက အိမ်ကိုပြန်လာကြည့်ကြတယ်လေ။ စစ်ရှောင်တော်တော်များများက အဲလိုသွားလိုက်၊ လာလိုက်လုပ်နေကြတယ်။ မနေ့ကတော့ ကျွန်းကလေးက ကျောင်းဆရာတစ်ယောက် အိမ်ကိုလာပြန်ကြည့်ရင်း လက်နက်ကြီးထိလို့ သေသွားတယ်။ တချို့ပြောတာက သူစက်ဘီးစီးလာရင်းနဲ့ လက်နက်ကြီးက သူ့ဘေးမှာကျရောက်ပေါက်ကွဲတယ်လို့ ပြောကြတာပဲ” ဟု ကျုံဒိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ကျုံဒိုးဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ဒေသတွင်းရှိ လူနေကျေးရွာများဘက်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

တဘက်တွင်လည်း စစ်ကောင်စီတပ်စခန်း ကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်လျက် ရှိသည်ဟုဆိုသည်။

“လောလောဆယ် ကျနော်တို့က ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းက စစ်ကောင်စီကင်စခန်းတွေကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်လာနိုင်တယ်။ စကစဘက်ကတော့ ထိုးစစ်လာလို့မရဘူး။ ခံစစ်နဲ့ပဲ သွားနေပါတယ်။ အဲဒါကြောင့် ကျုံဒိုးကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်။ ကျနော်တို့လည်း ပြန်လည်ခုခံပစ်ခတ် နေပါတယ်။ အခု အဲလမ်းပိုင်းက ကာကင်းစခန်းတွေ သိပ်မကျန်တော့ပါဘူး” ဟု ကော့ကရိတ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်နေကြသည့် လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာ၊ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲနေခြင်းကြောင့် လူထိခိုက်သေဆုံးခြင်း နေအိမ်ထိခိုက်ပျက်စီးခြင်းများရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ကျုံဒိုးဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမားမှုများ ဆက်ရှိနေသည့်အပြင် အခြေခံပညာကျောင်းများ၊ ဘာသာအဆောက်အအုံများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေဆဲဖြစ်သည်။

IMNA ပေးပို့သည်။