မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်ဘုန်းကြီးကျောင်းနှင့် လွှစင်ကုန်လမ်းဆုံဘက်သို့ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထပ်မံ ဗုံးကြဲတိုက်ခိုက်လာမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုး ဝင်ရောက်မည်ဟု သတင်းထွက်ပေါ်နေသည့် အပြင် လတ်တလော၌ MCL ဘိလပ်မြေစက်ရုံးနှင့် ကော့သပ်၊ ကော့ပနော့တို့တွင် ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းက လေယာဉ်လှည့်လာနေတယ်ဆိုတော့၊ ကရင်စစ်သားတွေကတော့ သူတို့သတိ အနေထားနဲ့ နေနေရတယ်။ ကုန်လမ်းကနေ လာမလား၊ ဟိုနေ့က ဖြစ်ပျက်သွားတဲ့ကိစ္စက အလောင်းတွေလည်း ဘယ်သူဘယ်ဝါဆိုတာက သူ့အသုံးအဆောင်ပစ္စည်းတွေကို ကြည့်ရတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က ငပုအင်းရွာဘုန်းကြီးကျောင်းနှင့် လွှစင်ကုန်းလမ်းဆုံကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့ပြီး ထိုဖြစ်စဉ်အတွင်း ကလေးငယ်များအပါအဝင် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၀ ဦး ထက်မနည်း သေဆုံးသွားခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ၁၀ ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ ၂၀ ဦး ထက်မနည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့ဖြစ်စဉ်ကြောင့် လက်ရှိတွင် ငပုအင်းဒေသခံ၊ ငပြဲမ၊ လွှစင်ကုန်နှင့် အနီးအနားရွာရှိ ဒေသခံများသည် ဥယျာဉ်ခြံများအတွင်း တိမ်းရှောင်နေသူများရှိသကဲ့သို့ မြို့ပေါ်သို့ ပြောင်းရွေ့သွားသူများလည်း ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“စစ်သားတွေကိုကြောက်လို့ တိမ်းရှောင်ကြသူတွေက သိပ်မများဘူးလေနော်။ အဲ့ဒေသကတော့ သူတို့လှုပ်ရှားရာပဲ ဆိုတော့ ကရင်စစ်သားတွေပဲ ထိန်းချုပ်ထားတာ။ ကရင်ဒေသခံတွေ အချင်းချင်းပဲ သွားလာနေတယ်ဆိုတာ သိပ်တော့ အစစ်ဆေးမများပေမဲ့ ဟိုကနေ ထပ်ကြဲချလာမှာကို စိုးရိမ်နေရတယ်။ လေကြောင်းနဲ့ပဲ လာရင်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဒေသတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှု မရှိသော်လည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ DKBA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ သွားလာလှုပ်ရှား နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဒေသတွင် စောအယ်စေးဝါးတပ်ဖွဲ့၊ ကျားဖြူ စစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း ၊ မွန်ပြည်လွတ်မြောက်ရေးတပ် M.L.A နှင့် မြစန္ဒီစစ်ကြောင်းတို့ လှုပ်ရှားရာဒေသဖြစ်သည်ဟု တော်လှန်အင်အားစုထံမှ သိရသည်။
ထို့အပြင် ငပုအင်းနှင့် လွှစင်ကုန်ကျေးရွာရှိ စာသင်ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခံရသည့် ဇူလိုင် ၁၉ ရက်နေ့ နောက်ပိုင်း လုံခြုံရေးအရ ပိတ်ထားဆဲဖြစ်ကြောင်း ယင်းဒေသရှိကျောင်းဆရာတစ်ဦးက ပြောဆိုသည်။
မွန်ပြည်နယ်အတွင်း ကျိုက်မရောမြို့နယ်သည် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး၊ ရေးမြို့နယ်သည် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်ဟုလည်း သိရသည်။
၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပါ အင်အားကြီးလက်နက် အသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် သေဆုံးသူ ၇၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော်ရှိသည်ဟု လဂွန်းအိမ်စာစဉ် အချက်အလက်များအရ သိရှိရသည်။
IMNA ပေးပို့သည်