ကျိုက်ထိုမြို့၊ ပျဉ်းကတိုးကုန်းရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၈ ဦးသေဆုံး

By MPM 25 ဇူလိုင်, 2024 👁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း စစ်ကောင်စီအခြေစိုက် ဒတရ (၆၀၂) ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတို့ ထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ထိုသို့လက်နက်ကြီးကျည်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦး အပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး သေဆုံးသွားကြောင်းနှင့် ဒဏ်ရာရရှိသူ ၆ ဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောသည်။

ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် သိမ်ဇရပ်မြို့ကျေးရွာဘက်နှင့် ကျောက်တန်းလေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်လာသည်ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

“နေ့တိုင်းလိုလို အကြောင်းမဲ့ပစ်နေတာပဲ။ ဒေသခံတွေ မကြာခဏသေကြတာ၊ တိမ်းရှောင်လိုက် ပြန်လာလိုက် ပါပဲ။ ရွာထဲစစ်ကြောင်းထိုးရင် ရွာဘက်ကို လက်နက်ကြီးအရင်ပစ်ကူတယ်၊ စစ်ကြောင်းမထိုးလဲ ပစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် စွပ်စွဲခြင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာများဘက်သို့ အကြောင်းမဲ့ လက်နက်ကြီးနှင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတလျှောက်ရှိ ကျေးရွာများတွင် အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ စစ်ကြောင်းထိုးစဉ်တွင် လက်နက်ကြီးနှင့် ပစ်ကူမှုကြောင့် ကျိုက်ထိုမြို့နယ်တွင် အရပ်သားများ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းဂဘိုးရွာ၊ ကမ်းနီ၊ ကျောက်တန်းလေးရွာ အပါအဝင် အနီးနားကျေးရွာ ၇ ရွာထက်မနည်း တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။

လဂွန်းအိမ်စာစဉ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ မွန်ပြည်နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။