ကျန်းမာရေးပြဿနာများ ဖြေရှင်းရာတွင် ဝန်ထမ်းများအချင်းချင်းသာမက ဒေသဆိုင်ရာ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုပါ လိုအပ်ကြောင်း မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ပြောဆိုသည်။
စက်တင်ဘာ ၂ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်သည့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW နှင့် Hope 4 the world တို့မှ ဦးစီးကျင်းပသည့် ကော်သူးလေ Medic Training (ဆေးမှူး သင်တန်း) အပတ်စဉ် (၁၀) ကြိမ် မြောက် သင်တန်းဆင်းပွဲ အခမ်းအနားတွင် ၎င်းက ပြောဆိုပါသည်။
“သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသားတွေက သင်တန်းထဲမှာ ပူးပေါင်းဆောင်ရွက်တာရှိသလို လုပ်ငန်းခွင်ထဲ ရောက်ရင်လည်း ဒေသအသီးသီးမှာ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဒေသခံလူထုတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ လက်တွေ့ဖြေရှင်းရမှာပါ။ ဒီနေရာမှာ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်ရာမှာဖြစ်ပြီး ဒေသခေါင်းဆောင်တွေနဲ့ အခြားဒေသက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
ထို့အပြင် ဒေသအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်းမှသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးညီလာခံမှသည် စံချိန်စံညွှန်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ခြင်းနှင့် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးဆိုင်ရာ စုဖွဲ့မှုများ လုပ်ဆောင်ခဲ့ကြကြောင်းလည်း ၎င်းက ဆက်ပြောဆိုသည်။
အဆိုပါ သင်တန်းအား ကရင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် အလှမ်းဝေးသည့် ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၁)ရက် မှ စ၍ ဆယ်ကြိမ်မြောက်သင်တန်း ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ အနာရောဂါဆိုင်ရာ အစရှိသည့် ဘာသာရပ်များအား စာတွေ့လက်တွေ့ဖြင့် ပို့ချပေးခဲ့ကြောင်း သင်တန်းတာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။
ထို့အပြင် အခမ်းအနားတွင် သင်တန်းတက်ရောက် အောင်မြင်ပြီးသော သင်တန်းသူ သင်တန်းသား ၂၄ ဦး အား သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အပါအဝင် ပထမအကြိမ် အပတ်စဉ် တက်ရောက်အောင်မြင်ပြီးမှသည် လက်ရှိအချိန်ထိ မိမိတို့ဒေသအတွင်း ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိသော လုပ်သက် ၆ နှစ်နှင့် အထက်ရှိ ကျန်းမာရေးဝ န်ထမ်းများအားလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းကြီးမှူး ကျင်းပသည့် KDHW ကို ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်အတွင်းမှ ကျေးရွာများရှိ ဒေသခံလူထုများနှင့် စစ်ဘေးမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအတွက် ကျန်းမာရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ရန် ရည်ရွယ်၍ (၁၉၅၆) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် ၂၀၁၀ ခုနှစ်မှ စ၍ ဆေးမှူးသင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာမှ ယခုအပတ်စဉ် အထိ ဆေးမှူး (၄၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကေအိုင်စီ ပေးပို့သည်။