ကံပိုင်တည်တွင် BGF တပ်ဖွဲ့ ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က လူသားဒိုင်းလုပ်ရန် ဒေသခံများကို ဖမ်းဆီး

By MPM 24 အောက်တိုဘာ, 2024 👁

ကချင်ပြည်၊ ကံပိုင်တည်မြို့ပေါ်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူများကို လူသားဒိုင်းလုပ်ရန် လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ကံပိုင်တည်မြို့ လက်မလွှတ်ရေးအတွက် စစ်အင်အား ၅၀၀ ဝန်းကျင် ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေသလို တဖက်တွင်လည်း မြို့အနီးဝန်းကျင်၌ စစ်ဘေးရှောင်နေကြသည့် ဒေသခံ စစ်ရှောင်ပြည်သူများကို လိုက်ဖမ်းဆီးနေကြောင်း ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ ပြည်သူ့စစ်တွေ ပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ် ထင်တယ်။ အဲ့ကြောင့် အားလုံးကိုပြန်လာဖို့ ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်၊ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ကံပိုင်တည်မြို့စောင့်တပ်ဖြစ်သည့် စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု မြို့ခံများ ပြောဆိုမှုအရ သိရသည်။

ထိုအခြေအနေကြောင့် တိုက်ပွဲဖြစ်ပွားလာချိန် လူသားဒိုင်းအဖြစ် သုံးနိုင်ရန် စစ်ကောင်စီတပ်သားများက မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူများကို မြို့ထဲသို့ ပြန်ဝင်လာရန် လိုက်လံပြောဆိုနေသလို လူငယ်နှင့်လူကြီးများကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းအပြင် စစ်ရှောင်ဒေသခံပြည်သူများနှင့် ထွက်ပြေးနေသည့် BGF တပ်များအနေနှင့် မြို့ထဲကိုဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်သည့် ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားသည်ဟု မြို့ခံတို့ထံမှ သိရသည်။

လက်ရှိတွင် ကံပိုင်တည်မြို့ထဲ၌ စစ်ကောင်စီအင်အား ၄၀၀ နှင့် ၅၀၀ ဝန်းကျင်ရှိနေပြီး KIA ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေသည်ဟု ကံပိုင်တည်ဒေသခံအမျိုးသားက ယခုလိုပြောသည်။

“စစ်သားတွေကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ။ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘော ပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေသခံအရပ်သားတချို့ ဖမ်းဆီးခံထားရပြီး ခြိမ်းခြောက်မှုထဲတွင် အမျိုးသမီးများကိုပါ ထပ်မံဖမ်းဆီးမည်ဟု ပြောဆိုသည်ဟု ၎င်းက ဆက်ပြောသည်။

ကံပိုင်တည်မြို့ပေါ်တွင် ရှိရင်းစွဲစစ်ကောင်စီတပ်သားတချို့နှင့် ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နှင့်ပို့လာသည့် စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား ၄၀၀ နှင့် ၅၀၀ ဝန်းကျင်ခန့်ရှိနေသည်။

KIA ပူးပေါင်းတပ်များက စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းတွင် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စသည့် မြို့များကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနှင့် ချန်းမောခုန်း ဒေသတို့သာ ကျန်ရှိတော့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောဆိုသည်။

KNG ပေးပို့သည်။