တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ ဒေသခံနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။
တပ်အင်အား ၁၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်က ဇူလိုင်ဒုတိယအပတ်ကစပြီး ခမောက်ကြီးမြို့ရှိ မလိဝမ်းဒေသနှင့် ရှမ်းကိုးရွာမာရမ်းဒေသထဲကို ကုန်းကြောင်း၊ ရေကြောင်းပေါင်း၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
အဆိုပါစစ်ကြောင်းက ဇူလိုင် ၁၇ ရက်နေ့တွင် ရေတွင်းတောင်ရွာနှင့် ရွာသစ်ကျေးရွာက နေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် အောင်ချမ်းသာပျိုးခင်းဇုန်ထဲကို လက်နက်ကြီး ၉ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ခမောက်ကြီးအခြေစိုက် စကစ ၂၀ ကဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမိးသမ်းပစ်ခတ်ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထိုစစ်ကြောင်းသည် ခမောက်ငယ်ပျိုးခင်း စာသင်ကျောင်း၌ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုငိးတွင် ခမောက်ကြီးမြို့ထဲကို ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီပထမအပတ်ကလည်း ကော့သောင်းမြို့နယ် ဝိုင်းဒင်ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။