ကုလားတန်စီမံကိန်းဒေသများ AA ထိန်းချုပ်မှုအောက်ရှိနေကြောင်း မီဇိုရမ်အစိုးရ အတည်ပြု

By MPM 11 မတ်, 2026 👁 2

အိန္ဒိယ – မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) – KMMTTP ဒေသများသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်ရောက်ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လားလ်သုအောမ်မာက ပြောဆိုလိုက်ကြောင်း all India Radio News က ရေးသားသည်။

ကျင်းပနေဆဲဖြစ်သည့် မီဇိုရမ်ပြည်နယ် လွှတ်တော် ဘတ်ဂျက်အစည်းအဝေး၌ ဝန်ကြီးချုပ်က အမေးအဖြေကဏ္ဍပြုလုပ်သည့် မတ်လ ၁၁ရက်နေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“KMMTTP လမ်းစီမံကိန်း တည်ရှိရာဒေသများကို မြန်မာအစိုးရ ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ အာရက္ခတပ်တော် (AA) လက်ရောက်သို့ရောက်ရှိနေပြီဖြစ်ပြီး အစိုးရ (မီဇိုရမ်ပြည်နယ်) အနေဖြင့် AA နှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း AA ဘက်ကလည်း KMMTTP လမ်းမကြီးဖွင့်လှစ်နိုင်မည့် အချိန်ကို မျှော်လင့်နေသည်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိ KMMTTP လမ်းကြောင်းမှတဆင့် စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ပြုလုပ်နေကြခြင်းသည် ဥပဒေနှင့် အညီမဟုတ်သကဲ့သို့ အစိုးရမှလည်းခွင့်ပြုထားခြင်းမရှိဘဲ လတ်တလောအနေဖြင့် ယင်းကိစ္စကို အရေးယူဆောင်ရွက်ရန် ခက်ခဲနေသည်ဟု ၎င်းကဆိုသည်။

KMMTTP လမ်းဖွင့်လှစ်ခဲ့ပါက မီဇိုရမ်ပြည်နယ်အပေါ် ရိုက်ခတ်မှုများစွာဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်တဦး ဦးဆောင်သည့် ‘သက်ရောက်မှုလေ့ လာရေးအဖွဲ့‘ (Impact Study Team) ဖွဲ့စည်းထားပြီး အကောက်ခွန်စခန်းများ (Land Customs Stations) မရှိသေးသဖြင့် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာထွက်မလာမချင်း ကိုင်တွယ်ရန် ခက်နေဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံဘက်မှ ကုလားတန်စီမံကိန်းလမ်းကြောင်းအတိုင်း လောင်တလိုင်ခရိုင်အတွင်းသို့ လူဝင်ရောက်မှုများပြားနေခြင်းအပေါ် အထူးစိုးရိမ်နေပြီး လူအဝင်အထွက်ကို ထိန်းချုပ်နိုင်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ်စစ်တပ်၊ နယ်စပ်လုံခြုံရေးတပ်နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကိုအသုံးပြုပြီး ကူးသန်းရောင်းဝယ်နေသူများအနေဖြင့် အာရက္ခတပ်တော်နှင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် အခွန်ပေးဆောင်နေရသည်ဟု ကုန်သည်တဦးက မဇ္ဈိမ သို့ ပြောသည်။

“မီဇိုရမ်ဖက်မှာ နယ်စပ်အရောက်ထိ သုံးဂိတ်ရှိတယ် ရဲတွေပေါ့ သူတို့ကို ပေးရတယ် တရားဝင်သဘောမျိုး လည်းမဟုတ်ပါဘူး၊ နယ်စပ်ကတဆင့် ရွှေလိုက်ဝမှာ AA ဂိတ်ရှိတယ်၊ ကုန်ပစ္စည်းတန်ဖိုးရဲ့ ငါး ရာခိုင်နှုန်း အခွန်ဆောင်ရတယ်” ဟု ၎င်းက ဆိုသည်။

ကုန်သည်များအနေဖြင့် နေစားစရိတ်များအပြင် နှစ်ဖက်ပေးဆောင်မှုများရှိနေသဖြင့် အခွန်ကောက်ခံမှုကို လျော့ပေါ့ပေးစေလိုကြောင်း ယင်းကုန်သည်က ဆက်ပြောသည်။

မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဘက်သို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းကို နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ချစ်ရေးများကို အခြေခံပြီး အိန္ဒိယနှင့် မြန်မာစစ်အစိုးရအကြား ၂၀၀၈ ခုနှစ် ဧပြီလတွင် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

စီမံကိန်းကို စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၈၄ သန်း သတ်မှတ်ရာထားပြီး စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့် ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ကားလမ်းဖောက်လုပ်ခြင်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ