ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်

By MPM 27 ဩဂုတ်, 2025 👁

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင်ထားကြဖို့ ကချင်ဒေသကာကွယ်ရေးတပ် (KPDF) တွေက သတိပေးထားတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသ အရှေ့ခြမ်း ဟိုပင်–အင်းတော်ကြီး လမ်းပိုင်းမှာရှိတဲ့ နန့်စော်လော်ကျေးရွာကို KPDF တပ်တွေက ကြိုတင်ရှောင်တိမ်းထားကြဖို့ ကျေးရွာတာဝန်ရှိသူတွေကနေတဆင့် သတိပေးထားတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး။ နန့်စော်လော်ဘက် စကစတွေလှုပ်ရှားလာတော့ ဖြစ်လာရင် ပြည်သူတွေ ကြားညှပ်သွားမှာစိုးလို့ ကြိုတင်ရှောင်ကြဖို့ပြောတာ သတိပေးတာတော့ နန့်စော်လော်ရွာပဲ။ ဒါပေမယ့် ဘေးနားရွာတွေလည်း အခြေအနေကြည့်နေရတာပေါ့။ တချို့လည်း ကြိုရှောင်နေကြတယ်၊ နန့်စော်လော်ပဲမဟုတ်ဘူး” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

KPDF တပ်က သြဂုတ် ၂၄ ရက်နေ့မနက်ပိုင်းမှာ သတိပေးသွားတယ်လို့သိရပြီး လက်ရှိမှာတော့ နန့်စော်လော်ရွာခံတစ်ချို့နဲ့ အနီးဝန်းကျင်ရွာဖြစ်တဲ့ နန်းသာယာရွာခံတစ်ချို့ဟာ နန်းမား၊ ဟိုပင်ဘက်ကြိုတင်ရှောင်တိမ်းတာ၊ ကြိုတင်ပြင်ဆင်တာတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကနေစပြီး နန့်စော်လော်ကျေးရွာဘက်ကို လုံးတုံ၊နန့်မွန်းဘက်ကနေ ရှမ်းနီအမျိုးသားတပ် (SNA) နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားတာ၊ ယာယီတပ်စွဲတာတွေရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် KPDF တပ်တွေက အခုလို ကြိုတင်အသိပေးထားတာလို့ သိရပါတယ်။

“ဒီဘက်ဆိုရင် နန်းမား အခု နန်းစော်လော်အထိကို စကစနဲ့ SNA တွေရှိတယ် နန်းစော်လော်တဝိုက်ဟိုဘက် တောဘက်တွေကျတော့ KIA၊ PDF တွေရှိထားတော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အနေအထားမှာ အခုလေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ဒီဘက်က ရှောင်ခိုင်းတာပါ” လို့ နောက်ထပ်‌ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း အင်အား ၅၀ ခန့်ရှိတဲ့ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နန့်စော်လော်ထဲ ယာယီတပ်စွဲခဲ့တာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဒေသကို ထိန်းချုပ်ဖို့အတွက် ဒီနှစ် မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် လက်ရှိအချိန်အထိ အင်းတော်ကြီးနေရာအများပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေ ဝင်ရောက်လာပြီး ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်ကတည်းကနေ အင်းတော်ကြီးဒေသထဲမှာ စတင်အခြေချလာတာဖြစ်ပါတယ်။

KNG