စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီး ပြည်သာယာကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူနေချိန်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များနှင့် ကသာမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကသာမြို့နှင့် ခလရ ၂၀၉ တပ်ရင်းကြားရှိ ပြည်သာယာတံတားအနီးတွင် အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်း သန်းခေါင်စာရင်းကောက်ယူချိန်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“မနေ့တုန်းက ပြည်သာယာကို သန်းခေါင်စာရင်းကောက်တဲ့အခါကို သူတို့လုံခြုံရေးယူတဲ့အဖွဲ့တွေ ရှိတယ်လေ။ အဲဒီအဖွဲ့တွေနဲ့ PDF တွေက အမှတ် ၂ တံတား (ပြည်သာယာတံတား) လမ်းပိုင်းကို ဖြတ်လာတာတွေလို့ ပစ်ခတ်မှုဖြစ်တာ။ အင်အားတော့ မများပါဘူး။ ဟိုဘက်က (PDF) လေးငါးယောက်လောက် တက်လာတာပါ” ဟု ဖြစ်စဉ်ကိုသိသည့် ကသာမြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း သန်းခေါင်စာရင်းကောက်ယူမှုကို ဆက်လက်လုပ်ဆောင်သည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။
ကသာမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုများကို အောက်တိုဘာ ၅ ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၄ နှင့် ရပ်ကွက် ၈ တို့တွင် ကောက်ယူမှုစတင်ခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူမှုသည် မြို့ပေါ်နှင့် မြို့အနီးကျေးရွာများတွင်သာ စစ်ကောင်စီက ကောက်ယူနိုင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ကျေးလက်ဒေသအများစုကို ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။
ကသာမြို့တွင် မြို့ပေါ်နေထိုင်သူလူဦးရေ နှစ်သောင်းကျော်ရှိပြီး ကျေးလက်တွင်နေထိုင်သူ လူဦးရေ တစ်သိန်းလေးသောင်းကျော်ရှိကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုသည်လည်း လူဦးရေ၏ ငါးပုံတစ်ပုံကိုသာ ကောက်ယူနိုင်မည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၂၇ မြို့နယ်၌ လူအင်အား ၁၀၂၆ ဦးနှင့် ကောက်ယူမှုများကို ပြုလုပ်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရှမ်းနီအသံ ပေးပို့သည်၊