ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို အရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုရှိဟုဆို

By MPM 17 မတ်, 2025 👁 4

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ၌ နှစ်ဖက်တပ်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကစ၍ မတ်လ ၁၆ ရက်နေ့ နေ့လယ်ဝန်းကျင်ထိ နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကသာမြို့ပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားရာနယ်မြေဘက်ကို စစ်ကြောင်းထိုးရာက တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ကနေ အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကြောင်းက မြိုပြင်ဘက်ကို စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲစတင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲပြင်းထန်တာ ပက်ပက်စက်စက်ပဲ။ ရုတ်တရက်ကြီး အရင်ကဆို ကင်းပဲပတ်နေတာ။ အခုက စစ်ကြောင်းက အင်အားအများကြီးနဲ့ မြို့ပြင်ကို ဝင်ထိုးလိုက်တာ။ ၁၅ ရက်နေ့ကဆိုရင် မနက်ကတည်းဖြစ်တာ ညအထိ တနေ့လုံးပဲ။ ရန်သူကလည်းကျတာ ပြီးတော့အရှင်ကလည်း ၂၉ ဦးရတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၄ လောင်းကို မျက်မြင်တွေ့ရှိခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဘက်က ပြောဆိုသည်။

ယင်းအပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့ပြီး မတ်လ ၁၆ ရက်နေ့ ညနေပိုင်းခန့်တွင် နှစ်ဖက်ပစ်ခတ်မှုငြိမ်သွားပြီး စစ်ကောင်စီစစ်ကြောင်းလည်း ခမရ ၃၀၉ တပ်ရင်းထဲ ပြန်ဆုတ်သွားသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ရာနေရသည် စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းနှင့် ၄ မိုင်ဝန်းကျင်အကွာ ကသာမြို့ပြင်က နတ်ရေတွင်း၊ ပင်းမလွတ် လမ်းခွတဝိုက် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီအခုတိုက်ပွဲမှာတော့ အရပ်သားကတော့ နစ်နာမှုတွေဘာမှမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသတဝိုက်က လစဥ်လိုလို ထိတွေ့မှုဖြစ်တယ်။ အမြဲတမ်းလည်း ရန်သူက ကင်းပတ်တာမျိုးတွေ ကိုယ့်ဘက်က ကြိုစောင့်တိုက်ခိုက်တာတွေရှိတော့ တခုခုဆို ပြည်သူကလည်း ဘေးကင်းရာကို ရှောင်ကြတယ်” ပြောသည်။

တိုက်ပွဲအတွင်း ကသာမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီး ဆက်တိုက်ပစ်ကူပေးခဲ့ပြီး ယခုလို တိုက်ပွဲပြင်းထန်မှုမျိုးသည် ကသာမြို့တွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကချင်အစပ်တွင်ရှိသည့် စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကချင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ကသာမြို့နယ်သည် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် ကပ်လျှက်တည်ရှိသည့် မြို့ဖြစ်သလို လက်ရှိ၌ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသည့် ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နှင့်လည်းမဝေးကွာသလို စစ်ရေးအရ အရေးပါသောနေရာတွင် တည်ရှိသည့်မြို့ဖြစ်ကြောင်း ကာကွယ်ရေးတပ်တို့က ပြောဆိုသည်။

KNG ပေးပို့သည်။