စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ ရဲတွေက အင်အားအများအပြားနဲ့ အရွယ်ရောက်ပြီးလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် တွေ့ရင်တွေ့တဲ့နေရာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “အခုနောက်ပိုင်း စစ်မှုထမ်းဆွဲတာက အရင်ထက် ပိုဆိုးရွားလာတယ်။ အရင်က ရဲကား Brobox အဖြူနဲ့ ရဲလေး၊ ငါးယောက်နဲ့ ဆွဲတယ်။ ဆွဲပြီးရင် ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို ရဲတွေက စီးသွားတယ်။ စစ်မှုထမ်းပါတဲ့သူကိုတော့ သူတို့ကားထဲခေါ်သွားတယ်။ အခုကြတော့ အဲလိုမဟုတ်တော့ဘူး၊ ပိုဆိုးလာတယ် ။ ရပ်ရွာလုံခြုံရေးဆိုတဲ့ အပြာဝတ်တွေပါတယ်။ စစ်သားတွေတော့ လုံးဝမပါတော့ဘူး၊ ရဲတွေပါတယ်၊ ပျူစောထီးတွေပါတယ်။ ကား ၃၊ ၄ စီး အင်အားအများကြီးနဲ့ပေါ့။ သူတို့ကဆွဲရင် ဆိုင်ကယ်တွေ ဖုန်းတွေ မစစ်ဘူး။ လူကိုပဲ အဓိကဖမ်းတယ် မော်တော်ပီကေတွေ ဆပလိုင်းလုပ်ရင် ဖမ်းသလိုပေါ့။ တွေ့တာနဲ့ ရပ်ခိုင်း ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို သော့ပိတ်လိုက်တယ်။ နောက်ပြီးသူတို့ဆီက ရဲ နှစ်ပွင့်လား သုံးပွင့်လားမသိဘူး။ အဲဒီလူဆီသွားခိုင်းပြီးတော့ အဲဒီလူရဲ့သဘောပုံစံဖြစ်တာပေါ့။ စစ်မှုထမ်းမဲ့အရွယ်ဆိုရင် တခါတည်းကာပေါ်တင်လိုက်တယ်။ အဲလိုနေ့စဉ်ရက်ဆက်ဖမ်းတာတွေ လုပ်နေတယ်” လို့ပြောပါတယ်။
စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခံရသူတွေကိုလည်း အရင်ကလို စုပေါင်းရုံးတွေမပို့တော့ဘဲ နာရီဝတ်အတွင်း ကလေးမြို့မြောက်ပိုင်း စခန်းကြီးရွာနားက လေ့ကျင့်ရေး ၁၀ ကို တန်းပို့လိုက်ပြီး ပြန်ရွေးနိုင်ဖို့လည်း မဖြစ်နိုင်သလောက်ဖြစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အရင်က စုပေါင်းရုံးမှာ ၂ ရက်၊ ၃ ရက်ထားတယ်။ အဲလိုသူ့ဆက်စပ်ရာလိုက်လံစုံစမ်းပြီး သိန်း ၄၀၊ ၅၀၊ ၆၀၊ ၇၀ အမျိုးမျိုးပေးရတယ်။ အခုနောက်ပိုင်း ကလေးမြောက်ပိုင်း စခန်းကြီးရွာနား လေကျင့်ရေး ၁၀ ချက်ခြင်းပို့ တာများတယ်၊ အဲဒီကို ရောက်သွားရင် လုံးဝ ပြန်ထုတ်နိုင်ဖို့ မလွယ်တော့ဘူး။ နောက်ပြီး စုပေါင်းရုံးမှာ Non – CDM တွေ ရပ်ကွက်အုပ်ချုပ်ရေးတွေ မင်္ဂလာဥယာဉ်ရပ်ကွက်က နဂါးတို့ဆိုရင် စုပေါင်းရုံးမှာနေပြီး သူတို့က ဒီလိုအခြေအနေမျိုးမှာ လူကုန်ကူး၊ တရားဝင်လူပွဲစား လုပ်နေကြတယ်။ သူတို့နဲ့ ဆက်စပ်သိသူတွေဆိုရင် လူတွေထုတ်ပေးတယ်။ တစ်ယောက်ကို သိန်း ၄၀ ကနေ ၇၀ ယူတယ် ဒီကာလမှာ သူတို့ အဲလိုတွေလုပ်နေကြတယ်” လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဧပြီလ ၁၅ ရက်နေ့ကလည်း အောင်သစ္စာရပ်ကွက်က ရွှေကျောင်းတော်နားမှာ လူငယ် ၆ ဦးကို တပြိုင်နက်ထဲ ဖမ်းဆီးခဲ့တာတွေလည်း ရှိခဲ့ပြီး စစ်မှုထမ်းအတွက် မြို့ပေါ်လမ်းတွေမှာသာမက ရပ်ကွက်ထဲ လမ်းကြားတွေထဲအထိ ဖမ်းဆီးနေတာဖြစ်ပြီး မြို့တွင်းလုပ်ငန်းရှင်တွေအနေဖြင့်လည်း အလုပ်သမားရှားပါးတဲ့ပြဿနာကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Chin World