ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး

By MPM 7 ဇန်နဝါရီ, 2026 👁

ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို အာဏာသိမ်းတပ် စစ်ကြောင်းထိုးပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီလ အစောပိုင်းရက်တွေကစလို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေ အများအပြားပါဝင်တဲ့ စစ်ကားတန်းတွေဟာ မွန်ပြည်နယ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိဖြတ်သန်းလာပြီး အဲဒီကတစ်ဆင့် လှိုင်းဘွဲမြို့ထဲ ဝင်ရောက်လာတာပါ။

အာဏာသိမ်းတပ်ဟာ လှိုင်းဘွဲမြို့ပေါ်ကို ရောက်ရှိလာပြီးနောက် မြို့ပတ်ဝန်းကျင်တစ်ဝိုက်ကို အင်အားအများအပြားချထားကာ လုံခြုံရေးတင်းကြပ်တဲ့အပြင် လှိုင်းဘွဲ-ပိုင်ကျုံ လမ်းပိုင်းအနီးက ကစို၊ကမာလင်း၊ ငှက်ပျောတော၊ နောင်ခလုံး စတဲ့ကျေးရွာတွေမှာလည်း စစ်ကော်မရှင်တပ် အင်အားအများအပြား ရောက်ရှိနေပါတယ်။

အာဏာသိမ်းတပ် စစ်ကြောင်း ရောက်ရှိတပ်စွဲထားတဲ့ ကျေးရွာတွေဟာ KNU အုပ်ချုပ်ရေးအရ ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေထဲမှာ ပါဝင်နေသလို အဲဒီကျေးရွာတွေအများစုဟာလည်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ကနေအသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသ ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ကြပါတယ်။

အာဏာသိမ်းစစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ ကရင်ပြည်နယ်က လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့ ပါဝင်ပြီး အဲဒီမြို့နယ်တွေထဲမှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP၊ ပြည်ခိုင်ဖြိုးပါတီ စတာတွေ မဲဆွယ်စည်းရုံးရေးဆင်းနေတယ်လို့ အဲဒီပါတီတွေက သတင်းထုတ်ပြန်ထားပါတယ်။

လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တွေထဲမှာ ဖာပွန်မြို့၊ ရှမ်းရွာသစ်မြို့အပါအဝင် ကျေးရွာတွေအများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ စစစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထုတ်ပြန်ထားပြီး ကမမောင်းမြို့ပေါ်၊ လှိုင်းဘွဲမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာသာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လှိုင်းဘွဲမြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တာ မရှိသေးပေမယ့် တင်းမာမှုတွေဖြစ်ပေါ်လာနိုင်ပြီး ဖာပွန်မြို့နယ်ထဲမှာတော့ ကတိုင်တိကျေးရွာနဲ့ ဖာပွန်စစ်ဗျူဟာတွေမှာ တိုက်ပွဲတွေ မကြာမကြာ ဆက်ရှိနေကာ အာဏာသိမ်းစစ်အုပ်စုက လေယာဉ်ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။

အထူးသဖြင့် ဖာပွန်ဗျူဟာမကျရေးအတွက် အာဏာသိမ်းတပ်က လေယာဉ်နဲ့ နေ့စဉ် ဗုံးကြဲပစ်ကူပေးနေသလို မြေပြင်စစ်ကူအနေနဲ့ ကမမောင်းမြို့ကနေ စစ်ကြောင်းစေလွှတ်ထားပေမယ့် တော်လှန်ရေးအင်အားစုရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကမမောင်းမြို့နားက ဝါးဒူးရွာတဝိုက်မှာသာ ရှိနေသေးတာဖြစ်ပါတယ်။

သံလွင်တိုင်းမ်