ကရင်နီ၊ မယ်စဲ့ရှိ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင် လက်နက်ခဲယမ်းများလုယူပြီး ထွက်ပြေးလွတ်မြောက်

By MPM 20 ဇန်နဝါရီ, 2026 👁

ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်နယ်မြေ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက်၁ နာရီခန့်တွင် စစ်သုံ့ပန်းအကျဉ်းသား ၈၀ ဝန်းကျင်ခန့်သည် လက်နက်ခဲယမ်းများလုယူပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ထားသည်။

ထိုသို့ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ရာတွင် စစ်သုံ့ပန်းအကျဉ်းသား ၆၀ ကျော်နှင့် ထောင်စောင့် ဆေးမှူး၊ ဆေးအကူတပ်သားတို့အပါအဝင် လက်နက်ခဲယမ်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကိုပါ ယူဆောင်သွားကြောင်း IEC နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

“သုံ့ပန်းဆေးမှူးနဲ့ သူ့ရဲ့ ဆေးအကူတစ်ယောက် ပူးပေါင်းပြီး သုံ့ပန်းအကျဉ်းသားတွေ ထွက်ပြေးသွားတာမျိုးလို့ သုံးသပ်လို့ရတယ်။ တော်လှန်ရေးရဲဘော်တွေကိုတော့ ကြိုးတုပ်ပြီး အကျဉ်းခန်းမှာ ပြန်ချုပ်ထားခဲ့ပြီး သေနတ်တွေ လုယူသွားတယ်။ နောက်ပြီးတော့ စကားပြောစက်၊ ဖုန်းတွေကိုလည်း ယူသွားတယ်လို့ သိထားတယ်ဗျ” ဟု IEC သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ထွက်ပြေးသွားသည့် အကျဉ်းသားများအနေဖြင့် ပြည်တွင်း လွိုင်ကော်နှင့် တခြားဒေသများဘက် ထွက်ပြေးရန် အလှမ်းဝေးပြီး အနီးဆုံး ထိုင်း-မြန်မာ နယ်စပ်ဂိတ် အမှတ် (၁၃) နယ်မြေနှင့် နီးစပ်သည့် နယ်စပ်ဘက်ကိုသာ ဦးတည်ထွက်ပြေးနိုင်ခြေရှိကြောင်း IEC ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က သုံးသပ်သည်။

ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ အကျဉ်းသား ၈၀ ဝန်းကျင်ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လက်နက် ၉ လက် ယူဆောင်သွားကြောင်း အတည်ပြုထားသည်။

သို့သော် အကျဉ်းထောင်ဝန်ထမ်းများအား သတ်ဖြတ်သွားခြင်းရှိသည်ဟု သတင်းမီဒီယာများနှင့် အရပ်သားများက ထင်ကြေးပေးပြောဆိုနေကြသည့် အွန်လိုင်းပေါ်ရှိ သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ဆိုသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများအား ပြန်လည်ထိန်းချုပ်ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေသကဲ့သို့ ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း၍ သတင်းအချက်အလက်များ စုပေါင်းကာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် IEC က အသိပေးထားသည်။

KIC