ကရင်နီပြည်ရှိ ၅ နှစ် အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံနိုင်မှု အာဏာသိမ်းပြီးနောက်ပိုင်း ၃၀ ရာခိုင်နှုန်းသာရှိနေ

By MPM 25 နိုဝင်ဘာ, 2024 👁

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ၅ နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံနိုင်မှုသည် ၃၀ ရာခိုင်နှုန်းသာရှိသည်ဟု IEC ကျန်းမာရေးဌာနထံက သိရသည်။

ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သလို ကရင်နီပြည်ရှိ ဒေသခံလူထုသည် တနေရာပြီးတနေရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာကြောင့် စာရင်းကောက်ယူရာတွင် အခက်အခဲရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်း၌ ကောက်ယူထားတဲ့စာရင်းအရ အသက် ၅ နှစ်အောက်ကလေးငယ်၏ ၃၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံပေးနိုင်သည်ဟု IEC ရဲ့ ကျန်းမာရေးဌာန၊ ဌာနမှုးကြီးခွန်းဖိလစ်က ပြောဆိုသည်။

“အခုလက်ရှိ ကာကွယ်ဆေးထိုးနှံနိုင်တာက အရင်ကကောက်ထားတဲ့ လူဦးရေစာရင်းနဲ့ဆိုရင် ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်သေးတယ်။ ကျန်တဲ့ ၆၀၊ ၇၀ ရာခိုင်နှုန်းကတော့ အခက်အခဲအမျိုးမျိုးကြောင့် ကျနော်တို့ မလုပ်နိုင်သေးဘူး။ နောက်တခုက စစ်ရှောင်တွေက ဟိုရှောင်ဒီရှောင်ဖြစ်တဲ့အခါကြတော့ လူဦးရေစာရင်း အတိအကျကောက်ရဖို့က ကျနော်တို့အတွက် အခက်အခဲဖြစ်တယ်” ဌာနမှူးကြီးခွန်းဖိလစ်က ပြောသည်။

အာဏာမသိမ်းခင်ကာလတွင် မြန်မာနိုင်ငံက မွေးကင်စကလေးငယ်များနှင့် ၅ နှစ်အောက်ကလေးငယ်တို့ကို ကာကွယ်ဆေးထိုးနိုင်ဖို့ ဆေးရုံ၊ ကျန်းမာရေးဌာနများနှင့် ကျေးရွာများတွင် ကျန်းမာရေးဆရာမများက လိုက်လံထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ၊ ဆေးဝါးပြတ်တောက်မှုနှင့် ဒေသတွင်း တိုက်ပွဲပဋိပက္ခတို့ကြောင့် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံမှုသည် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များကို ကာကွယ်ဆေး (၁၁) မျိုး ထိုးနှံပေးရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အသက်အရွယ်၌သာ ထိုးနှံရန်အသင့်တော်ဆုံးဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောဆိုထားသည်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းက ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံလို့ရသည့် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို သွားရောက်ထိုးနှံကြရသည်ဟု တစ်နှစ်အရွယ်ဝန်းကျင် ကလေးငယ်မိခင်တစ်ဦးက ယခုလိုပြောသည်။

“ကျမတို့ ဒီရွာဘက်ဆိုရင် ကာကွယ်ဆေးထိုးနှံဖို့ဆို ဒီးမော့ဆိုထိ သွားရတာပေါ့နော။ ခရီးကဝေးတော့ အသွား အပြန် ၂ ရက်လောက် လုပ်ရတာပေါ့။ ဘယ်နေရာ ကာကွယ်ဆေးထိုးလို့ရနိုင်မလဲ ကြိုမေးရတာပေါ့နော။ ကာကွယ်ဆေးက အမြဲအဆင်သင့် မရှိဘူးလို့လည်း ပြောတယ်။ ရတဲ့အချိန် ရနိုင်တဲ့နေရာတွေမှာ သွားထိုး ရတာပေါ့နော” ဟု အဆိုပါကလေးငယ်မိခင်က ပြောသည်။

ပုံမှန်ကာကွယ်ဆေးမထိုးနှံရသည့် ကလေးငယ်များသည် နောက်ဆက်တွဲကျန်းမာရေး အကျိုးဆက်ကို ခံစားရနိုင်ပြီး ကျန်းမာရေးချို့တဲ့ခြင်း၊ မကြာခဏဖျားနာခြင်း၊ ခုခံအားမရှိခြင်းအပြင် ကြိုတင်ကာကွယ်နိုင်သော ရောဂါတို့ကို မကာကွယ်နိုင်တော့ဘဲ သေဆုံးမှုအထိ ဖြစ်ပွားစေနိုင်သည်ဟု ဌာနမှူးကြီးခွန်းဖိလစ်က ပြောသည်။

“လူထုက ဒီကာကွယ်ဆေးမရရင် ဘာဖြစ်နိုင်လည်းဆိုရင် တချို့ကာကွယ်နိုင်ရမယ့် ရောဂါတွေဆို မကာကွယ်နိုင် တော့ဘူး။ အဲ့သလို မကာကွယ်နိုင်တဲ့ရောဂါ နည်းနည်းဖြစ်တာနဲ့ သေဆုံးတာတွေ နောက်တစ်ခု ကလေးငယ် တွေမှာ အများဆုံးဖြစ်တတ်တဲ့ ဥပမာ ပိုလီယိုတို့၊ ဝက်သက်တို့ အုပ်စုလိုက် ရောဂါဖြစ်တာမျိုးတွေ သေဆုံးမှုတွေ များတာမျိုးတွေ ဆေးမရရင် ဒါတွေက အများကြီး ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ဆေးများကို သတ်မှတ်အပူချိန်တွင် သိမ်းဆည်းထားရခြင်းဖြစ်ပြီး တနေရာမှတနေရာသို့သယ်ယူရန် ရေခဲပုံးနှင့် သေချာထည့်သယ်ယူရာ၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နှောင့်နှေးမှုလည်း ရှိနေကြောင်း သိရသည်။

လက်ရှိ၌ ကရင်နီပြည်ရှိ ကလေးငယ်များသည် ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်ရန် နောက်ကျမှုရှိနေကြောင်း သိရသည်။

၅ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးရန် IEC အနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝမပေးနိုင်သေးဟု ဆိုသည်။

IEC စာရင်းအရ ကရင်နီပြည်က မြို့နယ်၊ ကျေးရွာများတွင် ဆေးရုံ၊ ဆေးခန်းပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်ထားပေမယ့် အားလုံးကို လွှမ်းခြုံနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဌာနမှူးကြီးခွန်းဖိလစ်က ပြောဆိုသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။