ကရင်နီပြည်နှင့်ရှမ်းတောင်ဒေသ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့

0
155
ပုံစာ - သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ။ (ပုံဟောင်းဖြစ်သည်)

ကရင်နီပြည်နှင့် ရှမ်းတောင်ဒေသတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး စခန်းကုန်း၊ ရဲစခန်းတို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့ရာမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဩဂုတ်လ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

KNDF ၏ ထုတ်ပြန်ချက်အရ ဇွန်လနှင့် ဇူလိုင်လအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ရှမ်းတောင်ပိုင်းက ဆောင်းပြောင်းနှင့် နောင်ဝိုးကျေးရွာတလျှောက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ် ဘက်မှ တပ်သား ၂၀ နီးပါး သေဆုံးခဲ့ကြောင်းနှင့် ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း (၁) ခု၊ ရဲစခန်းကိုပါ သိမ်းပိုက်မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်စုံ (၁၅) လက်၊ ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့ကစ၍ ဖယ်ခုံနယ်စပ်ရှိ မှော်ဘီ – ဆီဆိုင် လမ်းမကြီးတလျှောက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော်အပါအဝင် စစ်ကောင်စီနှင့် PNO ပူးပေါင်းအခြေချနေထိုင်သည့် လွယ်လုံစခန်းကုန်းနှစ်ခုနှင့် စစ်ဆေးရေးဂိတ်ကိုပါ တော်လှန်ရေးဘက်မှ မီးရှို့ရှင်းလင်းနိုင်ခဲ့သည်ဟု ယင့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်း လွိုင်ကော်မြို့ရှိ မိုင်းလုံး၊ ရွာတန်းရှည်၊ GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသနှင့် ပန်ကန်းရပ်ကွက်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များသလို လက်နက်ငယ် ၄ လက်နှင့် အသုံးအဆောင်ပစ္စည်းများကိုရရှိခဲ့ပြီး တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်သား ၁ ဦးက လက်နက်ငယ် ၁ လက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖားဆောင်းနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သလို ကရင်နီပြည်နှင့် ရှမ်းနယ်စပ်ဖြစ်သည့် ဖယ်ခုံ၊ ပင်လောင်းနှင့် ညောင်ရွှေမြို့တို့တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း KNDF က အသိပေးပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း လွိုင်ကော်မြိုတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦးအထက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့တယ်လို့ KNDF က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်း ရပ်ကွက်တလျှောက်က အရပ်သားနေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲသည်ဟုလည်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here