ကရင်နီပြည်တွင် ၆ လအတွင်း အရပ်သား ၅၀ နီးပါး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄၀ ကျော်ရှိနေ

0
178

ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၆ လတာကာလအတွင်း အရပ်သား ၄၈ ဦး သေဆုံးပြီး ၁၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောဆိုသည်။

၂၀၂၄ ဇန်နဝါရီလ မှ ဇွန်လ အထိ ၆ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု အများဆုံးဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်း၊ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရခြင်း၊ လက်နက် မတော်တဆထိခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်သည်ဟု IEC က ဆိုသည်။

အလားတူ ယခုဇူလိုင်လအတွင်း၌ပင် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် တိုက်ပွဲပြန်ဖြစ်ပွားပြီး ဇူလိုင်လ ၄ ရက်နေ့က အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။

ဦးဗညားက “ဇူလိုင်လကတော့ လောလောဆယ် ကတော့ ၄ ရက်နေ့မှာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ သိရ တယ်ပေါ့နော်။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ကျရောက်ထိမှန် သေဆုံးတာလို့ အကြမ်းဖျင်း သိရတယ်နော်” ဟု ပြောသည်။

၆ လတာ ကာလအတွင်း စစ်ကောင်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အချက်လက် မသိရှိသူ ၁ ဦး တို့ သေဆုံးခဲ့ပြီး ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု IEC က ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၅ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၄၅ ဦး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ဇူလိုင်လ ပထမပတ်အတွင်း၌ပင် ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အရပ်သားပြည်သူများအနေဖြင့် နေရပ်ပြန်ရန် မသင့် သေးသော်လည်း လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြန်နေထိုင်သူများလည်း ရှိနေသည်ဟု ကရင်နီ တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က “အမှန်ကတော့ သူတို့ စစ်မြေပြင် မပြန်လာကောင်းဘူးလေး။ တချို့တလေ မှိုင်းလုံးတို့ဘာတို့၊ ရွာတန်းရှည်တို့၊ မြကလပ်တောင်တို့ ဘာတို့ပေါ့။ ဒါပေမဲ့ များတာကတော့ နန့်ဘော်ဝမ်မှာတော့ များတယ်။ နန့်ဘော်ဝမ်က ရန်သူလည်း ပိုရှိတယ်လေ။ လူထုလည်း ရှိတယ်လေ။ ရွာသားတွေက ဘယ်လောက် ရှိလဲ၊ ဘယ်လောက်သေလဲဆိုရင် ကျနော်လည်း မသိဘူးလေနော်။ အဲ့ဒါက အခြေအနေ ဆက်ပြီးတော့မှ နားထောင်ရမယ်ပေါ့နော်” ဟု ပြောသည်။

ပြည်သူများကို နေရပ်၌ ပြန်မနေကြသေးရန် အကြိမ်ကြိမ် အသိပေးပြောဆိုထားသော်လည်း ရပ်ရွာနှင့် နေအိမ်များကို စိတ်မချ၍ ပြန်လာသူများ ရှိနေသောကြောင့် တိုက်ပွဲများထဲ အရပ်သားပြည်သူများ မထိခိုက်အောင် သတိထားနေရသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်နယ်ထဲတွင် သတ်ဖြတ်ခံရသူ ၅၄၃ ဦး၊ ဖမ်းဆီးခံရသူ ၃၇၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ ၆၃၃ ဦးရှိသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ၏ နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူအားလုံးသည် အရပ်သားများ ဖြစ်သည်ဟု KCSN က ဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here