ကရင်နီပြည်တော်လှန်ရေးနယ်မြေတွင် CDM ဆရာ၊ ဆရာမများ ဦးစီးဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ် ဝင်ခွင့်ခေါ်ယူ

0
149

ကရင်နီ (ကယား) ပြည် တော်လှန်ရေးနယ်မြေတွင် CDM ဆရာ၊ ဆရာမများ ဦးစီးဖွင့်လှစ်မည့် ကြားကာလ နည်းပညာ တက္ကသိုလ် (TU-Loikaw) တွင် ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပထမဆုံး ဝင်ခွင့်ခေါ်ယူနေပြီဖြစ်သည်။

TU-Loikaw နည်းပညာတက္ကသိုလ်တွင် မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ ဆိုသည့် ဘာသာရပ်လေးခုကို သင်ကြားပေးသွားမည်ဖြစ်ပြီး၊ အထူးပြု ဘာသာရပ်တစ်ခုစီအတွက် ကျောင်းသား ၂၀ ဦးစီ ခေါ်ယူသွားမည်ဟု TU-Loikaw မှ သိရှိရသည်။

အထူးပြု ဘာသာရပ်တစ်ခုကို ၆ နှစ် တက်ရောက်ပညာသင်ယူရမည်ဖြစ်ပြီး သင်ကြားရေးအတွက် မြေပြင်နှင့် အွန်လိုင်းစနစ် ပေါင်းစပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း TU-Loikaw တွင် ပါဝင်သင်ကြားပေးမည့် CDM ပြုလုပ်ထားသူ ဆရာမတစ်ဦးက ပြောဆိုသည်။

“ကျမတို့ နိုင်ငံတော်နဲ့ ပြည်နယ် ပြန်လည်တည်ဆောက်ရေးမှာ ပြည်နယ်ပြန်လည်ဖွံ့ဖြိုးရေးမှာ လိုအပ်ချက် တစ်ခုဖြစ်တဲ့ ပြည်နယ်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ အင်ဂျင်နီယာ အတတ်ပညာရှင်တွေ ပေါ်ထွက်လာဖို့ အတွက်ပေါ့နော။ နောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေ စက်မှုနဲ့ အသက်မွေးပညာ သင်ကြားနိုင်တဲ့ အခွင့်အရေး ရရှိဖို့ အတွက်ပေါ့နော။ အဲဒီအတွက် ကျမတို့ ဒီတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်တယ်” ဟု အဆိုပါ CDM ဆရာမက ပြောဆိုရှင်းပြသည်။

အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသည့် လူငယ်များအတွက် ကြားကာလတက္ကသိုလ် ပေါ်ပေါက်လာရေး စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် လွိုင်ကော်နည်းပညာတက္ကသိုလ်ကနေ CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများက ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမတို့က မြေပြင်တက္ကသိုလ်လုပ်မှာပေါ့နော။ ပထမနှစ်ကတော့ မြေပြင်တက္ကသိုလ်လုပ်မယ်။ သင်ကြားမှု ကတော့ Online၊ On ground ပုံစံနှစ်မျိုးနဲ့ သွားမှာပေါ့နော။ သူတို့ရဲ့ assessment ကိုတော့ ကျမတို့ ချန်ထား တယ်ပေါ့နော။ နောင်မြေပြင်တက္ကသိုလ် ဖွင့်နိုင်တဲ့အချိန်ပေါ့နော၊ ကျမတို့ဆိုရင် ကျမတို့ လက်တွေ့ပစ္စည်းတွေ စုံလင်တဲ့အခါမှာ ကျမတို့ ဒီလက်တွေ့အမှတ်တွေကို ယူပြီးတော့မှ ဆက်သွားမှာပေါ့” ဟု အဆိုပါ CDM ဆရာမက ပြောသည်။

တက္ကသိုလ်အတွက် သင်ရိုးညွှန်းတမ်းကို TU Network ကနေ သင်ယူသွားမည်ဖြစ်ပြီး၊ ပထမနှစ်အတွက် ကျောင်းသားများကို ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများကိုသာ လက်ခံသွားမည်ဟု ဆိုသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်ကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး လာမည့် ဇူလိုင်လ ၂၇ ရက်နေ့အတွင်း ဝင်ခွင့်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်ကို IUC TU – Loikaw လူမှုကွန်ရက်စာမျက်နှာကနေလည်း လာရောက်စုံစမ်းမေးမြန်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။

အဆိုပါ ကြားကာလ နည်းပညာတက္ကသိုလ် ဖွင့်လှစ်နိုင်ဖို့ရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှု ရှိကြောင်းလည်း ပြောဆိုထားပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here