ကရင်နီ (ကယား) ပြည်တွင် စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကြောင့် ဖေဖော်ဝါရီတစ်လအတွင်း အသက် ၁၈ နှစ်အောက်ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူအများစုသည် လက်နက်ကြီးထိမှန်မှုကြောင့်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူလည်း ပါဝင်သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။
“၁၀ နှစ်အရွယ် ကလေးတစ်ဦးက ဖယ်ခုံအရှေ့ကမ်းကကျေးရွာမှာ လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးသွားတာ၊ နောက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးက လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကျပြီး သေဆုံး ရခြင်းဖြစ်ပါတယ်” ဟု တာအယ်စိုးက ပြောဆိုသည်။
သေဆုံးသူ ၅ ဦးအနက် အသက် ၁၀ နှစ်အရွယ် ၂ ဦး၊ ၁၇ နှစ်အရွယ် အမျိုးသား ၂ ဦးနှင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး ဖြစ်သည်ဟု KNDF ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ့နေအိမ် ၅၀ လုံးထက်မနည်း၊ စာသင်ကျောင်း ၄ ကျောင်းနှင့် ဘာသာရေးအဆောက်အဦး ၄ ခု မီးလောင်ပျက်စီးခဲ့သည်ဟု KNDF က ပြောသည်။
ကရင်နီပြည်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း ပြုစုထားသည့် မှတ်တမ်းအချက်အလက်တို့အရ အရပ်သား ထိခိုက်သေဆုံးသူ ၁၁ ဦးထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိပါသည်။
ယခုရက်ပိုင်းလည်း စစ်ကောင်စီက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲတို့၌ စစ်ပွဲဖြစ်ပွားမှုနှင့် အလှမ်းဝေးသော အရပ်သားပြည်သူတို့ နေထိုင်ရာနေရာတို့ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းနှင့်ပါ ဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်မှုသာမက နေအိမ်ပျက်စီးမှုလည်းရှိကြောင်း ဒေသခံများက ပြောသည်။
“လေယာဥ်သံတွေတော့ အမြဲ ကြားရတယ်လေ။ နေရထိုင်ရ စိတ်မပျော်ဘူး။ အခု လက်နက်ကြီး ထုလာတာ တောင် လူသာမထိသေးတာ အစကတည်းက ကြိုကြောက်နေတာ” ဟု ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီက အာဏာစတင်သိမ်းယူခဲ့ချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့အထိ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူ အရပ်သားပြည်သူစုစုပေါင်း (၆၃၇၈) ဦး ရှိခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။