ကရင်နီ ဒေါတမကြီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား KNDF သိမ်းဆည်း

By MPM 27 မတ်, 2023 👁

မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကရင်နီပြည်နယ် (ကယား)၊ ဒီမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ယနေ့ မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းထပ်များမှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့ပူးပေါင်းတပ်များမှ ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် စစ်ကောင်စီတပ်ထံမှ MA-1 (၁၀) လက် ၊ MA-2 (၁၀) လက်၊ MA-3 (၁၀) လက်၊ MA-4 79 တွဲ (၁) လက်၊ 9MM ပစ္စတို (၅) လက်၊ RPG (၂) လက်၊ (၆၀) မမ ပြောင်း (၂) ပြောင်း၊ မိုင်းရှာစက် (၁) လုံး၊ ဆက်သွယ်ရေးစက်များ၊ မိုင်း၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာများ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ မှစ၍ ကရင်နီပြည်နယ်အတွင်းရှိ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့ကို စစ်မျက်နှာ (၄) ခုဖွင့်ပြီး စစ်ကြောင်း (၁၂) ကြောင်း ဖြင့်ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃) ကြောင်း အင်အား (၃၃၀) ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းစစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံတပ်ရင်း (၃) ရင်းဖြစ်သည့် ခလရ (၁၂)၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင် ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10)၊ KNDF/B (15)၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်ဆင်မှုများသည် ယနေ့ အချိန်ထိရှိနေသေးသည်အတွက် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကရင်နီတပ်မတော် (KA) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း ၄ ရက်တာတိုက်ပွဲတွင် KA တပ်ဖွဲ့ဝင် ရဲဘော် ၂ဦး ၊ KNDF တပ်ဖွဲ့ဝင် ၂ ဦးနှင့် မောင်တော် PDF က ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ တပ်များနှင့် မတ် ၉ ရက်နေ့ကတည်းက ဒေါတမကြီး၊ ဒေါဆိုဖျ၊ ဒောညင်းခူ ဒေသများအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အတွက် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဒေသခံများ၏နေအိမ်မီးလောင်ခံရမှုများနှင့် ဒေသခံထွက်ပြေး တိမ်းရှောင်ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း KNDF က ထုတ်ပြန် ပြောဆိုထားသည်။

ထိုတိုက်ပွဲကိစ္စရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ဘက်မှ မည်သည့် ထုတ်ပြန်ပြောဆိုမှု တစ်စုံတစ်ရာကိုတော့ မတွေ့ရှိရသေးပေ။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။