၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကရင့်အမျိုးသားတော်လှန်ရေး ၇၅ နှစ် ပြည့်မြောက် တွင် ကရင်အမျိုးသားအစည်းအရုံး- KNU ရှိ တော်လှန်ရေးသက်တမ်းအနည်းဆုံး နှစ်ဆယ့်ငါးနှစ်နှင့် အထက်ရှိ လူပုဂ္ဂိုလ် ၅၀၅ ဦးနှင့် KNU ပြင်ပမှ လူမှုအကျိုးသယ်ပိုးဆောင်ရွက်နေသူ ၄ ဦးကို KNU က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
တော်လှန်ရေးဆောင်ရွက်လာသည့် သက်တမ်းနှစ်ဆယ့်ငါးနှစ်ရှိသူ ၂၉၃ ဦး၊ သက်တမ်းအနှစ်လေးဆယ်ရှိ ၁၇၅ ဦး၊ သက်တမ်းအနှစ်ငါးဆယ်ရှိ ၃၃ ဦးအပါအဝင် တော်လှန်ရေးစတင်သည့်အချိန်မှ လက်ရှိ ၇၅ နှစ်မြောက် စိန်ရတု အထိ တော်လှန်ရေးတာဝန်ထမ်းဆောင်လျက်ရှိသူ ၄ ဦး၊ စုစုပေါင်း ၅၀၅ ဦးနှင့် အဖွဲ့အစည်းပြင်ပမှ လူမှုအကျိုး ဆောင်ရွက်နေသူ ဒေါက်တာစင်သီယာမောင်၊ ဒေါက်တာ Francois Nosten၊ ဆရာမနော်ဟှာနေမူး(ခ) ချောချောဒါးနှင့် ဆရာမနော်ဖောရေတို့ ၄ ဦး အား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ကရင့်တော်လှန်ရေးသက်တမ်း ၇၅ နှစ်ပြည့်မြောက်သည့်နေတွင် စည်းဝိုင်းအပြင်ဘက် ချော်မထွက်သွားဘဲ အနည်းဆုံးနှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ တော်လှန်လာသော ရဲဘော်၊ခေါင်းဆောင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ မခမ်းနားသော်လည်း သွေးသစ္စာကြီးမားကြောင်း KNU ၏ ဝါရင့် တော်လှန်ရေးပုဂ္ဂိုလ်ကြီး ပဒိုစောသမိန်ထွန်းက ဆုရရှိသူများအား ဂုဏ်ပြုစကားဆိုရာတွင် ယခုလိုပြောဆိုသည်။
“ကရင့်တော်လှန်ရေးမှာ အာဇာနည်ထောင်သောင်းနဲ့အတူ ပြည်သူတွေ အိုးအိမ်ပျက်စီးပြီး အသက်ပေးသွား ရတာတွေ များပါပြီ။ ဒါကြောင့်မို့လို့ အခု ၇၅ နှစ် ပြည့်မြောက်တဲ့နေ့မှာ စည်းဝိုင်းအပြင်မထွက်ဘဲနဲ့ တော်လှန်ရေး လုပ်လာတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ဖို့ ဖြစ်ပါတယ်။ အရင် အနှစ် ၇၀ တုန်းကတော့ ဂုဏ်ပြုလက်မှတ်လည်း ပေးသလို တံဆိပ်လည်းပေးပါတယ်။ ဒီနေ့တော်လှန်ရေးခရီးက အောင်ပွဲခံဖို့ချီတက်နေတဲ့ ကာလမျိုး ဖြစ်တဲ့အတွက် နိုင်ငံရေး၊စစ်ရေးက ရှုပ်ထွေးသိမ်မွေ့တဲ့ကာလမှာဆိုတော့ ခမ်းနားမှုမရှိပေမယ့် သွေးသစ္စာ ကြီးမားပါတယ်” ဟု ပဒိုစောသမိန်ထွန်းက ထိုအခမ်းအနားတွင် ပြောပါသည်။
ဂုဏ်ပြုဆုတံဆိပ်ရရှိသူ ပုဂ္ဂိုလ်များအား အခမ်းအနားတွင် အသိအမှတ်ပြုရန် ရည်ရွယ်၍ ဂုဏ်ပြုလက်မှတ် ပေးအပ်သွားမည်ဖြစ်ပြီး ဆုတံဆိပ်များ ပေးအပ်ရန်အတွက် နောင်ကာလတွင် အချိန်ယူစီစဥ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းက ပြောဆိုသည်။
ထို့အတူ မြန်မာပြည်အုပ်ချုပ်သူ အဆက်အဆက်က ကရင်လူမျိုးတို့အား အဖက်ဖက်မှ ရှုံးနိမ့်စေရန် ဖိနှိပ်ခဲ့ သော်လည်း တော်လှန်ရေးအစပြုခဲ့သည့် ခေါင်းဆောင်နှင့်လူထုများကြောင့် လက်ရှိအချိန်ထိ တော်လှန်ရေး အားကောင်းနေသလို ယခင်အစပြုခဲ့သည့်အတိုင်း ပြိုကွဲနေသော ကရင်အစုအဖွဲ့များ ပြန်လည်ပေါင်းစည်းပါက တော်လှန်ရေးအောင်ပွဲခံနိုင်မည် ဖြစ်ကြောင်းလည်း KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးက တိုက်တွန်းသည်။
“ကျမတို့ကို အဖွဲ့တွေကွဲအောင် စနစ်တကျ ဖြိုခွင်းခံရပေမယ့် စုစည်းမှုတွေမြဲခဲ့လို့ အခုထက်ထိ တည်မြဲနေရတာ ဖြစ်တယ်။ ပေးဆပ်ခဲ့ကြတဲ့ တော်လှန်တဲ့လူထုရဲ့မျက်နှာကို ထောက်ပြီးတော့ ကွဲနေကြတဲ့ ကျမတို့ကရင်တွေ တစုတစည်းတည်းဖြစ်ပြီး ဟိုအရင်တော်လှန်ရေးစခဲ့တဲ့အတိုင်း တော်လှန်မယ်ဆိုရင် အောင်ပွဲခံနိုင်မယ်။ ကရင့်အမျိုးသား အလံတော်ကြီးအောက်မှာ အားလုံး စုစည်းပြီးတော့ တော်လှန်ရေးအောင်ပွဲခံနိုင်တဲ့အထိ လက်တွဲ တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်” ဟု ပဒိုနော်ဒါးဒါးက ဆိုသည်။
KNU ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ကျင်းပခဲ့သော အဆိုပါအခမ်းအနားတွင် ဂုဏ်ပြုဆုတံဆိပ် ရရှိသူများ၏ အမည်စာရင်းအား အသိပေးကြေညာပြီးနောက် ၇၅ နှစ်ပြည့် ဂုဏ်ပြုဆုတံဆိပ်ရရှိသူ KNU ၏ ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထိုအခမ်းအနားသို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုခေါင်းဆောင်တချို့၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရှီးလေ၊ တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မဟာမိတ် ခေါင်းဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ခေါင်းဆောင်များအပြင် ကျောင်းသူကျောင်းသား၊ ဒေသခံ အရပ်သား ပြည်သူများ စုစုပေါင်း တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
KIC ပေးပို့သည်။