ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင်ရှိ မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (MCVOA) တို့သည် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးလိုက်ကြသည်ဟု သိရသည်။
ULA/AA ကိုယ်စားလှယ်အဖွဲ့နှင့် MCVOA ၏ ခရိုင်အဖွဲ့ခွဲတို့သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်တွင် ဆိုင်းဟာမြို့ရှိ သတင်းစာကလပ်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု Times of India တွင် အောက်တိုဘာလ ၃၁ ရက်က ဖော်ပြထားသည်။
အဆိုပါနားလည်မှုစာချွန်လွှာကို မီဇိုရမ်-မြန်မာနယ်စပ်တောင်ပိုင်းတစ်လျှောက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန်၊ လက်ရှိလုပ်ဆောင်နေသော တရားဝင်မဟုတ်သည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလုပ်ငန်းများတွင် ULA/AA နှင့် MCVOA တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန်၊ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လာသည့် နားလည်မှုလွဲမှားခြင်းများနှင့် အခြားအခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းတို့မှတစ်ဆင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်ဟု ဖော်ပြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်ဖက်စီ၏ စိုးရိမ်ပူပန်မှုများအပြင် မြန်မာနိုင်ငံရှိ ရာလီနှင့် ဆလချွာကျေးရွာများတွင် ယာဉ်နှင့် လှေငှားရမ်းခနှုန်းထားများကို တစ်ပြေးညီဖြစ်စေရန်နှင့် သင့်တင့်မျှတသောနှုန်းထား သတ်မှတ်နိုင်ရေးအပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါကျေးရွာနှစ်ရွာသည် နယ်စပ်မြစ်ဖြစ်သော လုံပုမြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး ကုန်သွယ်ရေးလုပ်ငန်းများကို အဆိုပါမြစ်အား ဖြတ်သန်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။
ထို့အပြင် ရာလီနှင့် ဆလချွာကျေးရွာများရှိ နယ်စပ်ဂိတ်များကို နေ့စဉ် ည ၈ နာရီအထိ ဖွင့်လှစ်ထားရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးကို အားထားနေရချိန်၌ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဂိတ်ဖွင့်လှစ်ချိန်များအပေါ် နှစ်ဖက်ညှိနှိုင်းမှု တိုးမြှင့်လာခြင်းသည် ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် တိုးတက်မှုတစ်ခုအဖြစ် ကုန်သည်များက ရှုမြင်ကြသည်။
ရခိုင်ကုန်သည်တစ်ဦးက “နှစ်ဖက် အဖွဲ့အစည်းတွေ နားလည်မှုနဲ့ အဆင်ပြေမှလည်း ရေရှည်အတွက် အဆင်ပြေနိုင်မယ်။ ကုန်သည်တွေမှာ အခက်အခဲတွေအများကြီးရှိတယ်။ လမ်းခရီးအဆင်မပြေမှုကတမျိုး၊ လူမျိုးရေးအရ အဆင်မပြေမှုကတမျိုး အများကြီးသည်းခံရတယ်။ အခုလိုသတင်းကြားရတာ ဝမ်းသာပါတယ်။ တခုခုဆို ပိုပြီးဖြေရှင်းလို့ကောင်းလာမယ်” ဟု ပြောသည်။
အာရက္ခပြည်တွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အာရက္ခပြည်နှင့် ပြည်မဘက်ကိုဆက်သွယ်ထားသော ကုန်းလမ်းနှင့် ရေလမ်းတို့ကို လက်ရှိအချိန်ထိ တင်းတင်းကျပ်ကျပ်ပိတ်ပင်ပြီး အာရက္ခပြည်သူများအား ဖြတ်လေးဖြတ် လုပ်ဆောင်ထားသည်။
ယင်းသို့ ကုန်းလမ်းနှင့် ရေလမ်းဖြတ်တောက်ခံထားရသည့်အတွက် အာရက္ခပြည်အတွက် လိုအပ်သော ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်စည်စီးဆင်းမှုကို အာရက္ခပြည်မှကုန်သည်များက မီဇိုရမ်ပြည်နယ်တောင်ပိုင်းသို့ သွားရောက်ကာ အားထားကုန်သွယ်နေကြရခြင်းဖြစ်သည်။
ယင်းသို့ နှစ်နိုင်ငံနယ်စပ်အတွင်း ကုန်သွယ်ကြရာတွင် နယ်စပ်ဂိတ်များ၊ ဆိပ်ကမ်းများ၌ နှစ်ဘက်ကုန်သည်များနှင့် နှစ်ဘက်လှေလုပ်သားများအကြား မကြာခဏ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလျက်ရှိသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်ကလည်း ဆိုင်းဟာခရိုင်အတွင်း ခိုင်ခီကျေးရွာဆိပ်ကမ်းတွင် စက်လှေအလှည့်ကျထွက်ခွာခွင့်ပြုသည့်ကိစ္စနှင့်ပတ်သက်ပြီး ဆိပ်ကမ်းတာဝန်ရှိသူ မရာကျေးရွာလူငယ်များအသင်း (MTP) နှင့် အာရက္ခပြည်မှကုန်သည်အချို့ စကားများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သေးသည်။
အဆိုပါဖြစ်စဉ်ကြောင့် အိန္ဒိယ-အာရက္ခပြည်ကုန်သွယ်ရေးလမ်းရှိ ခိုင်ခီနှင့် လုံပုလမ်းကို စက်တင်ဘာလ ၁၆ ရက်မှစတင်ကာ ယာယီပိတ်ပင်ထားခဲ့ရသည်။
ယင်းနောက် ULA/AA တာဝန်ရှိသူတို့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စက်တင်ဘာလ ၂၄ ရက်တွင် အဆိုပါလမ်းကို ပြန်လည်ဖွင့်ပေးခဲ့သည်။
နိရဉ္စရာ