TNLA ဖမ်းဆီးသွားသည့် ကချင်လူငယ် ၆ ဦး ပြန်လွတ်မလာသေး

By MPM 17 ဇူလိုင်, 2024 👁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ္မတူမြို့မှ ကချင်လူငယ် ၆ ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းမဲ့ဖမ်းဆီးသွားပြီးနောက် လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

နမ္မတူမြို့၊ နမ်လာ (Namlalawk) ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရှိနေသည့် KIA တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် ကချင်လူငယ် ၆ ဦး ကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မတွင် တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဲဒီညက ၉ နာရီ နဲ့ ၁၀ နာရီကြားမှာ သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင် အကြောင်း ပြောမိဆိုမိကြပုံပဲ၊ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေ ရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်” ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။

TNLA က ရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်များသည် အသက် ၂၅ နှစ်အောက် လူငယ်များဖြစ်ပြီး ၃ ဦးသည် ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ၎င်းက ဆက်ပြောဆိုသည်။

အဆိုပါလူငယ်များ ဖမ်းဆီးခံထားရသည်နဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့နှင့် နမ္မတူမြို့ရှိ TNLA တာဝန်ရှိသူတချို့ထံကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်လို့မရရှိသေးပါ။

တဖက်တွင်လည်း ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က နမ္မတူမြို့ထဲ ဝင်ရောက်လာသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင် ၁၀ ဦးကို TNLA က ဖမ်းဆီးသွားပြီး နောက်ရက် ဇူလိုင် ၁၁ ရက်နေ့မှာပင် သက်ဆိုင်ရာ KIA လူကြီးများက လာရောက်တွေ့ဆုံဆွေးနွေးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်များအား TNLA ၏ ခွင့်ပြုခြင်းမရှိဘဲ နမ္မတူမြို့ထဲ ဝင်ခွင့်မပြုတာ၊ KIA တပ်ဖွဲ့ဝင်များကို ဝတ်စုံယူနီဖောင်းနှင့် မြို့တွင်းဝင်ခွင့်မပြုဘဲ ဂိတ်မှာတားဆီးပိတ်ပင်တာတို့ကို TNLA က ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

နမ္မတူဒေသခံ အမျိုးသားတစ်ဦးက “နမ္မတူမြို့ထဲက ဒေသခံလူမျိုးပေါင်းစုံပဲ။ အားလုံးပြောဆိုနေကြတာက ကျနော်တို့လိုချင်တာက ဒီမိုကရေစီဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကွန်မြူနစ်ပုံစံလုပ်နေတယ်။ ဆိုတော့ ဒီ TNLA နဲ့ ပြည်သူလူထုတွေ တနေ့တော့ ထိတွေ့ရမဲ့အချိန်ရောက်အုံးမယ်လို့ ခံစားနေကြတယ်။ အရင်က စကစထက် ပိုကြမ်းတမ်းတယ်။ ပိုကြပ်တယ်၊ အခွန်လည်း အရမ်းကောက်တယ်။ သွားလာရေးမှာလည်း လွတ်လပ်မှု မရှိဘူး။ ပိုအသက်ရှူကြပ်သလို ခံစားရတာလို့ အားလုံးပဲပြောနေကြတယ်” ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်များဘက်က သိမ်းယူထိန်းချူပ် ထားသည့် မြို့နယ်များ၌ ဒေသခံပြည်သူလူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား အဆင်မပြေတာ၊ TNLA နှင့် ကိုးကန့် MNDAA တပ်တို့၏ အုပ်ချူပ်မှုပုံစံအပေါ် ဒေသခံပြည်သူများက ဝေဖန်ပြောဆိုနေမှုများ ရှိနေသည်။

KNG ပေးပို့သည်။