TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်

By MPM 14 မေ, 2025 👁

သျှမ်းပြည် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

မေလ ၁၃ ရက် ည ၉ နာရီခွဲကျော်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၇) လုံး ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ပေါက်ကွဲသံကြားတာ အားတော့တော်တော်လေးပြင်းတယ်။ ဈေးရပ်ကွက်ထဲ ဗုံးခဏခဏကြဲခံရတော့ ဆွေးနွေးပွဲအဆင်မပြေဘူး စကြားကတည်းက အဲ့ဘက်ကလူတွေ ရှောင်နေကြတာ။ လူထိတာတော့ မကြားမိဘူး၊ အိမ်ကတော့ ၇ လုံးလောက် ရစရာကိုမရှိတော့တာ” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးရပ်ကွက် နယ်မြေ (၁၀) ရှိ နေအိမ် (၇) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မေလ ၁၄ ရက် နံနက်ပိုင်းတွင် TNLA က ထုတ်ပြန်ထားသည်။

မေလ (၈) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်း ဌာနချုပ် မစခ-(၉၀၂) မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စု သရက်ချိုရွာမှ ထိခိုက်ဒဏ်ရာရသူ (၆) ဦးသည် ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့ပြီး အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား စုစုပေါင်း (၁၀) ဦး သေဆုံးသွားခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သရက်ချိုရွာက မင်္ဂလာဆောင်အကြိုနေ့မှာ လက်နက်ကြီးကျလို့ ၄ ယောက်သေတာ ကလေးတစ်ယောက်ပါတယ်။ ဒဏ်ရာရတဲ့လူလည်းများတယ်။ နောက် ၂ ရက်နေတော့ အဲ့ထဲက ဒဏ်ရာရတဲ့လူထဲက ဆေးကုနေတုန်း ၆ ယောက် ထပ်ဆုံးသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင်လည်း မေလ ၁၁ ရက် ညသန်းခေါင် လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရွှေလိပ်ပြာဟိုတယ် လေးထပ်ဆောင်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းမတိုင်ခင် မေလ ၁၀ ရက် ည ၁၀ နာရီကျော်အချိန်က မန္တလေး-မိုးကုတ် ကားလမ်းပေါ် သပိတ်ကျင်းမြို့ ကျောက်လှည်းဘီးရွာအနီးရှိ TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်ထား သည့် ခြေလျင်တပ်ရင်း ခလရ-(၁၄၈) ကိုလည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၁၂ ရက် ညပိုင်းတွင်လည်း TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၂၇) လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

စစ်ကောင်စီဘက်မှ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံ သက်တမ်းတိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း TNLA ထိန်းချုပ် နယ်မြေထဲသို့ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြု တိုက်ခိုက်လျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှုမှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ကြောင်းTNLA ဘက်မှ ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။