ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF / TNLA) ထိန်းချုပ်ထားသည့်မြို့များကို ဗုံးလာကြဲမှု ပါဝင်ပတ်သက်သူများအား ထုံးတို့မှတ်သားထားမည်ဟု PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က သတိပေးပြောဆိုလိုက်သည်။
အောက်တိုဘာလ ၁၉ ရက်တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားကာ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
“ထုံးတို့ထားမယ် ‘မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် ဗုံးကြဲနေတာ’ ကြဲတဲ့သူ၊ ကြဲဖို့ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ..အားလုံးကို ထုံးသေချာတို့မှတ်ထားမယ် ‘အလှည့်ဆိုတာ ရှိစမြဲပါ'” ဟု ရေးသားထားသည်။
PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အကြမ်းလေတပ်သည် ယခု အောက်တိုဘာလ (၁) ရက်နေ့မှ (၁၈) ရက်နေ့အထိ TNLA ထိန်းချုပ်ထားသည့်မြို့များဖြစ်သော မန်တုံမြို့ကို (၁) ကြိမ်၊ ကျောက်မဲမြို့ကို (၃) ကြိမ်၊ သီပေါမြို့ကို (၅) ကြိမ်၊ မိုင်းငေါ့မြို့ကို (၁) ကြိမ်၊ မိုင်းလုံမြို့ကို (၄) ကြိမ်၊ နမ့်ဆန်မြို့ကို (၅) ကြိမ်၊ နမ္မတူမြို့ကို (၅) ကြိမ်၊ မိုးမိတ်မြို့ကို (၃) ကြိမ်နှင့် မိုးကုတ်မြို့ကို (၁) ကြိမ်၊ စုစုပေါင်း (၂၈) ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့တိုက်မှုကြောင့် သံဃာတော် (၂) ပါး၊ ကလေး (၈) ဦး၊ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၁၉) ဦးသေဆုံးခဲ့ပြီး ကလေး (၁၁) ဦး၊ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၇) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းအပြင် နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ကျောင်းဆောင် (၇) ဆောင်နှင့် အဆောက်အဦ (၄) ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်ဟုလည်း ဆိုသည်။
အကြမ်းဖက်လေတပ်သည် မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြိုနယ်များကိုလည်း အောက်တိုဘာ ၁၉ ရက်က တရက်လုံး ပြင်းပြင်းထန်ထန် ဗုံးလာကြဲခဲ့မှုကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရသည်ဟု TNLA က ဆိုသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLA က နှိုးဆော်ထားသည်။
နိရဉ္စရာ