SSPP လှုပ်ရှားသည့်နယ်မြေများသို့ စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြန့်ကျက်နေ

By MPM 8 မတ်, 2024 👁

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားသည့်နယ်မြေဆီသို့ ဦးတည်ပြီး စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဖြန့်ကျက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အင်အားများသည် ယမန်နေ့ (မတ်လ ၇ ရက်) ညနေပိုင်းတွင် SSPP/SSA လှုပ်ရှားနယ်မြေ မိုင်းနောင်-မိုင်းရယ်ဘက်သို့ ဦးတည်ပြီး အလုံးအရင်း အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“မနေ့က ခိုလမ်ကနေ စစ်ကောင်စီတပ် ကား ၁၆ စီး၊ အဲ့ထဲမှာ တပ်သားတွေလည်းပါတယ်။ မိုင်းနောင်ဘက်ကို သွားတယ်။ မိုင်းရယ်ဘက်ကို ဆက်သွားမယ်လို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အလားတူ သျှမ်းပြည် တောင်ကြီးမြို့တွင် ယမန်နေ့ (မတ် ၇ ရက်) နေ့လည် ၁ နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်မှ စစ်ကား အလုံးအရင်းသည် ဟိုပုံးမြို့နယ်ဘက်သို့ ဦးတည်ပြီး သွားနေကြောင်း သိရသည်။

တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်သို့ ဦးတည်သွားနေသည့် စစ်ကောင်စီတပ် ကားများမှာ တပ်သားအပြည့် တင်ဆောင်လာသည့် ကား (၂၂) စီး၊ ရိက္ခာတင်ကား (၆) စီး၊ ကားအလွတ် (၆) စီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က တောင်ကြီးကနေ ဟိုပုံးဘက်ကို ဦးတည်ပြီး သွားတဲ့ကားတွေ အများကြီးတွေ့တယ်။ ကားပေါ်မှာ တပ်သားတွေရာ ရိက္ခာတွေ သယ်တာရော အများကြီးပဲ။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို အင်အားသွားဖြည့် နေလား မသိဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ် (၆) ရက်တွင် စစ်ကောင်စီမှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ထံ လက်နက်ခဲယမ်း မသယ်ဆောင်ပေးရန် သတိပေးခဲ့ကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းဌာနတွင် ရေးသားထားသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း PNLA ၊KNDFပူးပေါင်းနှင့် စစ်ကောင်စီတို့သည် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လတွင်လည်း စစ်ကောင်စီသည် လဲချားမြို့နယ် အတွင်းရှိ SSPP/SSA တပ်စခန်း (၁၀) နေရာကို ဆုတ်ခွာပေးရန် တွန်းအားပေးခဲ့ဖူးသည်။

စစ်ကောင်စီတပ်မှ ဆုတ်ခိုင်းနေသည့် လဲချားမြို့ရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ၏ ယာယီတပ်စခန်း ၁၀ ခုသည် ခိုလမ် ရပခ တိုင်းစစ်ဌာန၏ လုံခြုံရေးအတွက် အဓိကကျသည့် နေရာများဖြစ်သလို SSPP/SSA ဌာနချုပ်၏ လုံခြုံရေးအတွက်လည်း အဓိကကျသည့် နေရာများဖြစ်ကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များအပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။