RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

By MPM 6 မတ်, 2026 👁 7

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (မတ် ၂) ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းဆုတို့အပါအဝင် နှစ်ဘက် ထိပ်သီးခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု ၊ယုံကြည်မှု ပြန်လည်တည်ဆောက်သည့် အနေဖြင့် အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း SSPP ဘက်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ဖက်တွေ့ဆုံတာကတော့ ဟုတ်ပါတယ်။ကွန်ဟိန်းဖက်မှာတွေ့ဆုံကြတာပါ။ဘယ်အကြောင်းအရာ တွေတွေ့ဆုံဆွေးနွေးလည်းဆိုတာကတော့ မသိရပါဘူး။ ဘယ်နေရာတွေ့လည်းဆိုတာလည်း အဓိကျတော့ မသိဘူး။နှစ်ဘက်လုံးက လူကြီးတွေတွေ့ဆုံကြတာပါ” ဟု SSPP စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ထို့နောက် နှစ်ဘက်ထိပ်သီးခေါင်းဆောင်များသည် ညစာစားပွဲကို ပြုလုပ်ပြီး နှစ်ဘက်အပြန်အလှန် အလွတ်သဘောဖြင့် ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုခဲ့သည့် “သျှမ်းပြည်က သျှမ်းပဲပိုင်တာမဟုတ်ဘူး။ သျှမ်း၊ ‘ဝ’ ၊ လားဟူ၊ အာခါ၊ ပလောင်တွေလည်း အတူတူပိုင်တာ။ အရင်ကတိုက်ခိုက်တာမရှိဘူး။ အေးအေးချမ်းချမ်းပဲ၊ အခုအချင်းချင်းကြား ဘာကြောင့်တိုက်ခိုက်နေတာလဲ နောက်ကွယ်က သွေးထိုးလှုံ့ဆော်နေတဲ့သူတွေရှိလို့ပဲ” ဟု သျှမ်းဘာသာဖြင့်ပြောဆိုခဲ့သည်။

RCSS နှင့် SSPP ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောဖြင့် တွေ့ဆုံ ဆွေးနွေးပြီး၊ ယုံကြည်မှု တည်ဆောက်သည့်ကိစ္စသည် အလွန်ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း၊ သျှမ်းအချင်းချင်း တိုက်ခိုက်နေမည့်အစား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန်လိုအပ်ကြောင်းလည်း သျှမ်းလူငယ် အမျိုးသား တစ်ဉီးက ပြောသည်၊၊

“ကျနော်တို့ သျှမ်းတပ် (၂) တပ် ခေါင်းဆောင်တွေ အလွတ်သဘောနဲ့တွေ့တာတောင် ကျနော်က ပျော်နေပြီ။ ကျနော်တို့တွေက ဘာသာစကားလည်း တူတယ်။ ရိုးရာလည်းတူတယ်။ အချင်းချင်းတိုက်နေတာ မဖြစ်ချင်ဘူး။ အချင်းချင်းတိုက်တာ နှစ်ဘက်စလုံးမှာ ဆုံးရှုံးမှုကြီးတယ်။ နောက်လူငယ်တွေကလည်းအချင်းချင်းတိုက်တော့ သျှမ်းတပ်ကိုမလုပ်ချင်သလို နိုင်ငံရေးလည်း စိတ်မဝင်စားတော့ဘူး” ဟု ၎င်းလူငယ်အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် (မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ကွန်ဟိန်းမြို့နယ် လိုက်ကမ်ကျေးရွာအုပ်စုတွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။

၂၀၂၃ ခုနှစ် (နိုဝင်ဘာလ ၂၉ ရက်) တွင် (RCSS/SSA) နှင့် (SSPP/SSA) အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက်ပိုင်း သျှမ်းတပ် (၂) တပ် စစ်ရေးတင်းမာမှု ဖြေလျော့လာခဲ့သည်။

သျှမ်းသံတော်ဆင့်