PDF ရဲဘော်တွေနဲ့ ရွာသားလေးဆယ်ကျော် ဖမ်းခံရအောင် သတင်းပေးခဲ့သူ ရှင်းလင်းခံရ

By MPM 19 ဒီဇင်ဘာ, 2022 👁

မကွေးတိုင်း မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေး ဦးစိုးငြိမ်းကို ဒီဇင်ဘာလ (၁၅) ရက်နေ့က သရက်၊ ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ (EAGLE FORCE) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၉) ရက်နေ့က သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ (EAGLE FORCE) တပ်ဖွဲ့စခန်းကို ဦးစိုးငြိမ်းဆိုသူရဲ့ သတင်းပေးမှုကြောင့် ဝင်စီးခံခဲ့ရတာပါ။

အဲဒီဖြစ်စဉ်မှာ PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး လက်ပွကျေးရွာနဲ့ မှိုက်ကျေးရွာက ပြည်သူ (၄၀) ကျော်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရကာ အဲဒီထဲက လက်ပွရွာသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဦးစိုးငြိမ်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သား (၁၀) ဦးဝန်းကျင်ပါတဲ့ ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီကားပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သံလွင်တိုင်းမ် – ပေးပို့သည်။