PDF ဒု-တပ်ခွဲမှူးကို သမီးရည်းစားဖြစ်သူကို ပစ်သတ်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် NUG ချမှတ်

0
262
Photo – Social Media

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းတိုက်နယ်၊ သခွတ္တောကျေးရွာတွင် သမီးရည်းစားချင်းစကားများရာမှ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဒေသကာကွယ်ရေးတပ်၊ ဒု-တပ်ခွဲမှူးတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ကြောင်း NUG က အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဟန်လင်းတိုက်နယ် သခွတ္တောကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က သမီးရည်းစားချင်း စကားများရာကနေ PDF ဒု-တပ်ခွဲမှူး ပြည်ထွန်းနိုင် (ခ) လင်းစသည် အမျိုးသမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သခွတ္တောကျေးရွာခံအမျိုသမီးကို ပစ်သတ်ခဲ့သူသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရွှေဘိုခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁) တွင် ဒု-တပ်ခွဲမှူးအဖြစ် တာဝန်ယူထမ်းဆောင်နေသူဖြစ်ပြီး ထိုပစ်သတ်မှုဖြစ်စဉ်သည် ပြစ်မှုထင်ရှားခဲ့သော်လည်း ၈ လကျော် ကြာမြင့်ခဲ့ပြီးမှ NUG တရားရုံးက အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“သူက (လင်းစ) ပစ်သတ်ပြီး သတင်းတွေ တအားထွက်တော့ အရေးမယူလို့ မရတော့ဘူးလေ။ သတင်းတွေ နယ်ထဲမှာ တအားထွက်တယ်။ ပြီးတော့ သူ့ကိုလည်း အမှုဖြစ်ပြီးတော့ ပုံမှန်သွားလာနေတာလို့ သတင်းကြားတာ။ အခုအရေးယူတော့လည်း ကြိုဆိုရမှာ၊ တခြားအမှုတွေကိုလည်း ကိုင်မယ်ဆိုရင်လည်း ပိုကောင်းတယ်။ ပကဖ အမှုတွေက အများကြီးရှိသေးတယ်” ဟု ရွှေဘိုမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပြောသည်။

NUG တရားရုံးချုပ် တရားသူကြီးအဖွဲ့က ပြစ်မှုထင်ရှားကြောင်း ကြားနာခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာ ဥပဒေပုဒ်မများအရ ပြစ်ဒဏ် ထောင် ၁၀ နှစ် ချမှတ်ခဲ့သော်လည်း မည်သည့်အကျဉ်းထောင်တွင် ၁၀ နှစ် အကျဉ်းချမှတ်ခဲ့သည်ကိုတော့ ဖော်ပြထားခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအတွင်း NUG ၏ အရပ်ဘက်၊ စစ်ဘက် တရားရုံးများကို မြို့နယ် ၁၅ မြို့နယ်တွင် ဖွင့်လှစ်ထားခဲ့ပြီး အကျဉ်းထောင်များသည်လည်း တည်ဆောက်နေဆဲဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနဘက်က ပြောဆိုထားသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here