PDF အဖွဲ့က ဟုမ္မလင်းမြို့သို့တင်သွင်းလာသည့် စက်သုံးဆီကားများကို ပြန်လည်ခွင့်ပြုဖွင့်လှစ်ပေး

0
301
ပုံစာ - ဟုမ္မလင်းမြို့ရှိ ရွှေတူးဖော်မှုလုပ်ငန်း လုပ်ကွက်တခု။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်သို့ စက်သုံးဆီတင်သွင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက ကာလအတန်ကြာ ပိတ်ဆို့ထားပြီးနောက် ယခုအခါ ပြန်လည်ခွင့်ပြု ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ဟုမ္မလင်း ဒေသခံလုပ်ငန်းရှင်များထံက သိရသည်။

ဟုမ္မလင်းဒေသခံ ရွှေလုပ်ငန်းရှင်တစ်ဦးက “ကုန်းလမ်းရော ရေလမ်းရော သူတို့ထိန်းထားတာ ပိတ်ထားတာလေ၊ ခုတော့ ပြန်ဖွင့်ပေးခဲ့ပြန်တော့ ဝင်လာကြပြန်ပီ” ဟု ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဟုမ္မလင်းမြို့နယ်သို့ စက်သုံးဆီတင်သွင်းမှုကို ကန့်သတ်ပိတ်ဆို့ ထားတာကြောင့် ဖောင်းပြင်မြို့နယ်အတွင်း ကားစင်းရေ ရာချီပိတ်မိနေခဲ့ကြောင်း စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက ယခုလအစောပိုင်းက ပြောဆိုခဲ့သည်။

ရွှေတူးဖော်မှု လုပ်ငန်းအများစုရှိသော ဟုမ္မလင်းမြို့နယ်တွင် စက်သုံးဆီတင်သွင်းမှု ကန့်သတ်ချက်ကြောင့် စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်ခဲ့ပြီး ယခုအခါ အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း ဒေသခံများက ပြောသည်။

“ဆီဈေးတွေက ခုတော့ နဲနဲပြန်ကျလာပြန်ပီ။ တစ်ပေပါ ၁၃ သိန်းခွဲလောက် ရောက်လာပြန်ပြီ။ အရင်က ၁၆ သိန်း ၁၇ သိန်း ရောက်သွားတယ်။ ငါတို့လဲ ရွှေမမောင်းသေးဘူး စောင့်ကြည့်နေတုန်း” ဟု ဟုမ္မလင်းမြို့နယ်ခံ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

စက်သုံးဆီ တင်သွင်းခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက ပြန်လည်ခွင့်ပြု ဖွင့်ပေးသော်လည်း အကန့်အသတ်ဖြင့်သာ ဖွင့်ပေးခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

“တစ်ပေပါ တစ်သိန်း ဆောင်ရတာပေါ့။ တစ်ရက်ကို ကားအစီးနှစ်ဆယ်ပဲ လွှတ်ပေးတယ်” ဟု နမ့်တောကျေးရွာ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ် နယ်စပ်ဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ စစ်ကာင်စီတပ်နှင့် ပြည်သူ့စစ် အဖွဲ့များအကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည်မှာ နှစ်နှစ်ခန့်မျှ ရှိလာပြီဖြစ်ပြီး ကုန်သွယ်ရေးပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေခြင်းလည်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here