PDF များလက်နက်နှင့်အတူ ဝင်ရောက်လျှင် ဆုကြေးပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်

0
283

နွေဦးတော်လှန်ရေးအင်အားစုများများ၏ ဖိတ်ခေါ်မှုအတိုင်း ပြည်သူ့ရင်ခွင်ထဲ လက်နက်နှင့်တူ ခိုလှုံလျှင် ဆုကြေး ချီးမြှင့်ပေးသကဲ့သို့ စစ်ကောင်စီကလည်း ဥပဒေဘောင်အတွင်း လက်နက်နှင့်အတူ ဝင်ရောက်လာလျှင် ဆုကြေးပေးမည်ဟု မက်လုံးပေး ထုတ်ပြန်လာသည်။

မေလ ၉ ရက်နေ့ ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်ထဲတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါက လိုအပ်သည့် ကူညီပံ့ပိုးမှုများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ ခဲယမ်းပါရှိလာသူများအား ဆုကြေးငွေ ထောက်ပံ့ ပေးအပ်သွားမည်ဟု ပါရှိသည်။

ထောက်ပံ့ကြေးအနေဖြင့် ရိုင်ဖယ် အုပ်စုဝင်သေနတ် (၁) လက် ပါရှိလျှင် ကျပ်သိန်း (၅၀)၊ ပစ္စတို အုပ်စုဝင် သေနတ် (၁) လက်ပါရှိလျှင် ငွေကျပ် သိန်း (၂၀)၊ ပြောင်းချောလက်နတ် (၁) လက်ပါရှိလျှင် ငွေကျပ် သိန်း (၃၀) နှင့် စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့ လက်နက်များ (၁) လက်ပါရှိလျှင် ကျပ် (၇၅) သိန်း ဆုကြေးပေးအပ်မည်ဟု မက်လုံးပေးပြောဆိုထားသည်။

ထို့အပြင် လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် များထဲမှ (၁) လက်ပါရှိလျှင် ငွေကျပ် (၅) သိန်း၊ လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများ ပါရှိပါက ကျပ် (၃) သိန်း၊ လက်နက်/ ခဲယမ်းမှ အပအခြားအသုံးအဆောင် ပစ္စည်များ (ဥပမာ – စကားပြောစက်) ပါရှိပါက ကျပ် (၂) သိန်းနှင့် ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စီး ပါရှိပါက ငွေကျပ် သိန်း (၅၀) ဆုကြေးပေးအပ် ထောက်ပံ့မှုလည်း ပြောဆိုထားသည်။

လက်ရှိတွင်စစ်ကောင်စီထံ ဥပဒေဘာင်အတွင်း ဝင်ရောက်နေမှုများရှိသည်ဟု ဖော်ပြထားရာ ၎င်းမှာ ကြံဖန်ပြောဆိုသော လုပ်ကြံဇာတ်များသာဖြစ်ကြောင်း ကိုလည်း ပြည်သူတစ်ချို့က မှတ်ချက်ပြုသည်။

“ သူတို့ကိုမကြိုက်လို့တော်လှန်ပါတယ်ဆိုမှ သူတို့ဆီကို လက်နတ်နဲ့ အတူပြန်လာမယ်ဆိုတာ ဖြစ်နိုင်မလားဗျာ။ သူတို့ လုပ်ကြံပြီး ဘာဇာတ်တွေ လုပ်ဦးမလဲပေါ့ဗျာ။ သူတို့ဆီပြန်ဝင်လာတယ်ဆိုတဲ့ လုပ်ကြံဇာတ်ကလည်း လူတိုင်းသိနေပြီလေ” ဟု ခင်ဦးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများသည် လူသတ်မှု၊ မုဒိမ်းမှုများနှင့် သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေသည့် ပြစ်မှုတစ်ခုခု ကျူးလွန်ထားလျှင် ဥပဒေအရ ရင်ဆိုင်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

NUG နှင့် တော်လှန်ရေးအဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာလျှင် ဆုကြေးချီးမြှင့် ပေးလျက်ရှိပြီး ထိုသို့ ပြုလုပ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက် ကတည်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here