မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်နေ ဒေသခံတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီက ဒေသခံကိုစန်းထွန်းဦးကို ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)၊ ၅၂(က) တို့နှင့် သိမ်ဇရပ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု သိမ်ဇရပ်မြို့ခံများက ပြောဆိုသည်။
“အဲဒီလူငယ်က ရေဆေးခုံမှာ အလုပ်လုပ်တာ၊ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပတ်သက်တာ မရှိဘူး၊ ဒါကို ဗုံးပေါက်ပြီး တရားခံရှာမရတော့ အမှုဆင်ပြီး လုပ်ကြံဖမ်းဆီးသွားတာ” ဟု သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကိုစန်းထွန်းဦးသည် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သြဂုတ်လ ၆ ရက်နေ့က သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသေးသည်ဟု မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တွင် ကိုစန်းထွန်းဦးသည် သိမ်ဇရပ် ရဲစခန်း၊ မုပ္ပလင် စစ်ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
သိမ်ဇရပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံများ ဖမ်ဆီး အမှုဖွင့်ခံရမှု မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။