ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို အောက်တိုဘာလ ၇ ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာထုတ်ပြန်သည်။
တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) PDA- Tedim က ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦးပါဝင်သော အစည်းအဝေးကို စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က ဦးဆောင်ကျင်းပခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းနိုင်ခြင်းလည်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ရာ၌ စစ်ရေးအရ ချင်းပြည်ကောင်စီနှင့် ဆက်လက်ပူပေါင်းရန်၊ အုပ်ချုပ်ရေးယန္တရားလုပ်ငန်း ဆောင်ရွက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် စသည့်အချက်များကို ဆွေနွေးခဲ့ရာတွင် ကိုယ်စားလှယ်များက ဝိုင်းဝန်းထောက်ခံခဲ့ကြသည်ဟု ဆိုသည်။
တီးတိန်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေယန္တရား ထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့်အတူ လက်တွဲကူညီဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားကို တွေ့ရသည်။
KMG ပေးပို့သည်။