ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကျုံဒိုးမြို့နယ်ထဲသို့ ငြိမ်းချမ်းရေးကောင်စီ (PC) က ကျားဖြန့်တရုတ်များကို ထို့ကော်ကိုး လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်လာ၍ လက်မခံရန် ကေအဲန်ယူက ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သည်။
မြဝတီရှိ ကျားဖြန့်လုပ်ငန်းမှ စွန့်ခွာလာသူ တရုတ်နွယ်ဝင်များကို ကျုံဒိုးမြို့နယ်ထဲသို့ ခေါ်ဆောင်လာခြင်းသည် အခြေအနေ ရှုပ်ထွေးလာနိုင်သည့်အတွက် ယခုလို ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင်၊ ဥက္ကဌ ပဒိုလစ်စတန်က ပြောသည်။
“ထို့ကော်ကိုးဘက်က PC တွေက တရုတ်တွေကိုခေါ်လာပြီး ကျုံဒိုးမြို့နယ်ထဲကို လာပို့တယ်။ အဲဒီဘက်က ပိတ်ထားတဲ့လမ်းကြောင်းကနေ ပို့လာတော့ စိုးရိမ်စရာရှိတယ်။ ဒေသခံအခြေအနေတွေ ရှုပ်ထွေးကုန်မှာ စိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြဝတီဘက်မှာကြပ်တော့ ဒီဘက်လွင့်ထုတ်တယ်လို့ ယူဆရတယ်။ ဒါကြောင့် တပ်မဟာကို အသိပေးပြီး ဗဟိုကို တင်ပြတယ်။ အဲဒါဆိုရင် စိုးရိမ်စရာဖြစ်ရင် ဒေသန္တရစည်းကမ်းချက်ထုတ်ဖို့ ညွှန်ကြားလာတော့ ထုတ်ပြန်လိုက်တာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကျုံဒိုးတွင် စစ်ရေးတင်မာနေပြီး ပြည်သူများသည်လည်း စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေရချိန်ဖြစ်၍ ရှုပ်ထွေးမှုများစွာရှိသည့် မြို့ဖြစ်သည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းနှင့် နယ်မြေမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ လောင်းကစားလုပ်ငန်းများ ဒေသတွင်း၌ ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်စာ၌ သတိပေးထားသည်။
ယခုလို အခြေအနေများကြောင့် ကျုံဒိုးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ဒေသန္တရစည်းကမ်း အရေးပေါ်ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။
လက်ရှိ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေပြီး ခရုံဂူနှင့် ချောင်းနှစ်ခွလမ်းပိုင်းတွင်လည်း စစ်အုပ်စုက အင်အားဖြည့်တင်းနေ၍ ဒေသခံများ သတိနှင့် နေထိုင်နေရပြီး စစ်အုပ်စု စစ်ကြောင်းထိုးစဉ် ပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများလည်း ရှိနေသည်ဟု သိရသည်။
KIC